အီကွေဒေါမြို့တော်မှာ ကာဖျူးမိန့်ထုတ်ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ထားရှိလိုက်တဲ့ကြား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေ

အီကွေဒေါမြို့တော်မှာ ကာဖျူးမိန့်ထုတ်ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ထားရှိလိုက်တဲ့ကြား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေ

ကီတို၊ အောက်တိုဘာ ၁၃ ။          ။ အီကွေဒေါသမ္မတ လီနင်မော်ရီနိုက မြို့တော် ကွီတိုနဲ့ ပတ်ဝန်းကျင်ဧရိယာတွေကို စနေနေ့က စတင်ပြီး ကာဖျူးမိန့် ထုတ်လိုက်ကာ စစ်တပ်ထိန်းချုပ်မှုအောက် ထားရှိလိုက်ပြီ ဖြစ်ပါတယ်။

အစိုးရရဲ့ ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်တွေကို ဆန့်ကျင်တဲ့ လူသေဆုံးမှုတွေပါ ရှိတဲ့ ဆန္ဒပြသမှုတွေ ၁၁ ရက်မြောက်နေ့မှာ ခုလို အစိုးရက အမိန့်ထုတ်လာတာဖြစ်ပေမယ့် ဆူပူအကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။

ခုလို ကာဖျူးမိန့်ထုတ်ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ထားရှိတာဟာ သည်းခံလောက်စရာ မရှိတဲ့ ဆူပူအကြမ်းဖက်မှုတွေကို အစိုးရအင်အားစုတွေ ဆန့်ကျင်ဖြိုဖျက်ရာမှာ လွယ်ကူအဆင်ပြေစေဖို့ပဲ ဖြစ်တယ်လို့ သမ္မတက တွစ်တာကနေ ကြေညာပါတယ်။

“လိုအပ်သမျှ လုပ်ငန်းစဉ်တွေနဲ့ စစ်ဆင်ရေးတွေ ချက်ချင်း ဆောင်ရွက်လို့ရအောင် ပူးတွဲလက်နက်ကိုင်ကွပ်ကဲမှုဌာနကို ကျွန်တော် ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်။”လို့ သမ္မတ မော်ရီနိုက နိုင်ငံတော်မိန့်ခွန်းမှာလည်း ထည့်သွင်း ပြောပါတယ်။

လူဦးရေ ၂ ဒသမ ၇ သန်းရှိတဲ့ ကွီတိုမြို့မှာ စစ်တပ်နဲ့ ရဲ အင်အား ခုနစ်သောင်းခွဲ ဖြန့်ကြက်လို့ အောက်တိုဘာ ၃ ရက်ကတည်းက သမ္မတ မော်ရီနိုက အရေးပေါ် အခြေအနေ ကြေညာထားတာဖြစ်ပြီး ခုချိန်မှာ ကာဖျူးမိန့်နဲ့ စစ်တပ်ထိန်းချုပ်မှုအောင် ထားရှိလာတာပဲ ဖြစ်ပါတယ်။

အစိုးရရဲ့ လောင်စာဆီ အမတော်ကြေး ဖြတ်တောက်မှုကို ကန့်ကွက်ရာကနေ စတင်ဖြစ်ပွားတဲ့ ဆန္ဒပြမှုတွေအတွင်း လူ ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူပေါင်း ၂၁၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။

အီကွေဒေါနိုင်ငံဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကြွေးမြီကို ဖြေရှင်းနိုင်ရေးအတွက် သမ္မတ မော်ရီနိုအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုေတွ ဖော်ဆောင်ရာမှာ လောင်စာဆီ အမတော်ကြေး ဖြတ်တောက်တဲ့ အစီအစဉ်ပါ ပါဝင်ပြီး ယင်းကြောင့် လောင်စာဆီစျေးတွေ မြင့်တက်ခဲ့ရာကနေ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required