ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်း ဟာဂျီဘစ်အတွင်း ဆယ့်တစ်ဦး သေဆုံး

ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်း ဟာဂျီဘစ်အတွင်း ဆယ့်တစ်ဦး သေဆုံး
Photo: EPA

တိုကျို၊ အောက်တိုဘာ ၁၃ ။        ။ ဂျပန်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း ဟာဂျီဘစ် ဝင်ရောက်တိုက်ခိုက်ရာမှာ မြေပြိုမှုနဲ့ မြစ်ရေလျှံတက်မှုတွေ ဖြစ်ပွားမှုအတွင်းမှာ လူဆယ့်တစ်ဦး အနည်းဆုံးသေဆုံးပြီး ဒဏ်ရာရသူပေါင်း ၉၀ ခန့်ရှိကာ ပျောက်ဆုံးနေသူ ဆယ်ဦး ရှိပါတယ်။

စနေနေ့ ညနေပိုင်းက တိုကျိုဧရိယာမှာ ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းအပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာ စစ်သားတွေဟာ ရေကြီးမှုတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိနေပါယ်။

ဒီကနေ့ နံနက်ပိုင်းမှာ မုန်တိုင်းဟာ အားပျော့သွားခဲ့ပြီဖြစ်ပြီး ကုန်းတွင်းကနေ ပြန်လည်ဆုတ်ခွာသွားပေမယ့် ပျက်စီးမှုတွေ ချန်ထားရစ်ခဲ့ပြီး Rugby World Cup ပြိုင်ပွဲစီစဉ်တွေဟာ နောက်ထပ် ကစားပွဲကို ပယ်ဖျက်လိုက်ရတာ ရှိပါတယ်။

ချီကူမာမြစ်ရေ လျှံတက်မှုကြောင့် တိုက်တာတွေရဲ့ ဒုတိယထပ်အထိ ရေကြီးမှုတွေ ကြုံတွေ့နေတဲ့ နာဂါနိုအရပ်မှာ ရေကြီးရေလွှမ်းမှု ဆိုးဆိုးဝါးဝါး ကြုံတွေ့နေကြောင်း သိရပါတယ်။

ဂျပန်စစ်တပ်ဟာ ရဟတ်ယာဉ်တွေ သုံး ဖြန့်ကြက်ပြီး ရေကြီးမှုမှာ ပိတ်မိနေသူတွေက ဝရန်တာတွေကနေ ပုဝါတွေ ဝှေ့ယမ်းပြနေကြတာကို လိုက်လံရှာဖွေရင်း ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

“မနေ့ညက ကျွန်တော်တို့ အိမ်ထောင်စုပေါင်း ၄၂၇ အိမ်က လူပေါင်း ၁၄၁၇ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။”လို့ နာဂါနိုမြို့ အရေးပေါ်ဌာနအရာရှိတစ်ဦး ဖြစ်သူ ယာဆူဟိရိုယာမာဂူချီက အေအက်ဖ်ပီသို့ ပြောခဲ့ပါတယ်။

တိုကျိုဧရိယာကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒီ ဟာဂျီဘစ်မုန်တိုင်းဟာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးအပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်းဖြစ်မယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly