ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအား ယခု ဘက်ဂျက်တွင်အပြီး ခင်းမည်

ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအား ယခု ဘက်ဂျက်တွင်အပြီး ခင်းမည်

အောက်တိုဘာ ၁၂။         ။ ရန်ကုန်ပုသိမ်လမ်းပိုင်း အဆင့်မြှင့်တင်မှုအတွက် ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်း ခင်းခြင်းကို ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် အပြီးလုပ်ဆောင်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်စွမ်းအင် စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပြောသည်။

“ဧရာဝတီတိုင်းထဲမှာတော့ ၂၄မိုင်ပြည်ထောင်စုဘက်ဂျက်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဌာနကလုပ်မှာ လောလောဆယ်တော့ တင်ဒါခေါ်ဖို့လုပ်ငန်းတွေ သူတို့လုပ်ထားတယ်၊တင်ဒါ ၂၂ရက်နေ့လောက်ဖွင့်မယ်။

တင်ဒါနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေ ညောင်တုန်းမှာသွားပြီး အစည်းအဝေးလုပ်ဖို့ ကျွန်တော် စီစဉ်ထားတယ်၊ဘာဖြစ်လို့လည်းဆိုတော့ ပွင့်လင်းရာသီဖြစ်လာတော့ ကမ်းခြေကိုသွားတဲ့ ယာဉ်တွေကများတယ်၊ ယာဉ်တွေက တနေ့ကို အစီးရေ ၅၀၀၀လောက်ရှိတယ်၊ လမ်းကို လမ်းလွဲ ဘယ်လိုလုပ်မယ်ဆိုတဲ့ကိစ္စတွေ အသေးစိတ်တော့ ဌာနကိုလုပ်ခိုင်းထားတယ်၊သူတို့နဲ့ညှိနှိုင်းပြီးရင် ညောင်တုန်းအစည်းအဝေးမှာ တခါတည်း ပြောရမယ်၊ ယာဉ်ကြပ်တာဖြစ်သွားမှာဆိုးလိုပါ၊ဘယ်လမ်းတွေကို လမ်းလွဲပေးသွားမလဲ ဆိုတာလုပ်ဖို့ရှိတယ်” ဦးဝင်းဌေးကပြောသည် ။

၂၀၁၉-၂၀၂၀ဘက်ဂျက်တွင် ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်ရှိ ရန်ကုန်မှ ညောင်တုန်းအထိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုပြည်ထောင်စု ဘက်ဂျက်ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၂၄မိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးဘက်တွင် ၁၇မိုင်ဖြစ်သည်။ ကွန်ကရစ်လမ်းအကျယ်မှာ ပေ၃၀ဖြစ်ပြီး လမ်းပခုံးသားမှာ တစ်ဘက် လျှင် သုံးပေပါဝင်မည် ဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်းအား ရန်ကုန်တိုင်းမှ ဗိုလ်မြတ်ထွန်းတံတားအထိ ဆောင်ရွက်မည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါ လမ်းပိုင်းမှာ လမ်းများပျက်စီးနေခြင်းနှင့် လမ်းကျဉ်းခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required