(၄၃) ပွဲ ရှုံးပွဲမရှိ စံချိန်ပျက်ခဲ့ရတဲ့ အင်္ဂလန်အသင်း ‘ထိပ်တန်း အသင်း’တစ်သင်းဖြစ်လာဖို့ လုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီးရှိနေသေးတယ် - ဆောက်ဂိတ်

(၄၃) ပွဲ ရှုံးပွဲမရှိ စံချိန်ပျက်ခဲ့ရတဲ့ အင်္ဂလန်အသင်း ‘ထိပ်တန်း အသင်း’တစ်သင်းဖြစ်လာဖို့ လုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီးရှိနေသေးတယ် - ဆောက်ဂိတ်
Photos: EPA

ဒီကနေ့မနက်ပိုင်းက ပရော့ဂ်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ နာမည်ကြီး အင်္ဂလန်အသင်းဟာ ချက်ရီပါဗလစ်အသင်းကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် (၁၀)နှစ်အတွင်း ပထမဆုံး ခြေစစ်ပွဲစဉ် အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်းအနေနဲ့ "ထိပ်တန်း အသင်း"တစ်သင်းဖြစ်လာဖို့ တိုးတက်အောင်လုပ်ဆောင်ရမယ့် အရာတွေ အများကြီးရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဟယ်ရီကိန်းရဲ့ ပွဲအစ (၅)မိနစ်လောက်က ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်ဖို့ သေချာခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ် (၅)မိနစ်အကြာမှာတော့ ချက်အသင်းက ယာကူဘရာဘက်ရဲ့ ချေပဂိုးနဲ့  ပွဲပြီးခါနီး အောဒါရီဆက်ရဲ့ အနိုင်ဂိုးကြောင့် အင်္ဂလန်အသင်းဟာ ၂၀၀၉ ခုနှစ်က ယူကရိန်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ခြေစစ်ပွဲတွေမှာ ရှုံးပွဲမရှိခဲ့တဲ့ (၄၃)ပွဲမြောက် ရှုံးပွဲမရှိ စံချိန်လည်း ကျိုးပျက်ခဲ့ရပါတယ်။

"ရှင်းပါတယ်။ ဒါက ကျနော်တို့ မပါဝင်လိုတဲ့ ညတစ်ညပါ။ ကျနော်တို့ ဒီပွဲကို အနိုင်ရဖို့အတွက် လုံလောက်မှု မရှိခဲ့သလို စွမ်းဆောင်ရည်လည်း ပြည့်ဝမှု မရှိခဲ့ပါဘူး။ ဒီပွဲရဲ့ ရလဒ်က အဲ့လောက်ကို ရိုးရှင်းပါတယ်။"လို့ ဆောက်ဂိတ်က ပြောပါတယ်။

"တကယ့် ထိပ်သီးအသင်းတစ်သင်းဖြစ်လာဖို့ လုပ်ဆောင်သွားရမယ့် အလုပ်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ ဒါကို အမြဲထိန်းသိမ်းထားရပါဆိုတာ ဒီနေ့ညက သက်သေပါပဲ။"

ဒီပွဲအရှုံးရလဒ်ကြောင့် အင်္ဂလန်အသင်းဟာ တစ်ပွဲလျော့အနေအထားမှာ ချက်နဲ့ ရမှတ် (၁၂)မှတ်ခြင်းအတူတူဖြစ်ပေမယ့် ထိပ်တိုက်တွေ့ဆုံမှုအရ အင်္ဂလန်အသင်းက အသာရခဲ့တာကြောင့် အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ နောက်ပွဲစဉ်အဖြစ် လာမယ့် တနင်္လာနေ့မှာ ဘူဂေးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly