မဲဘယ်လိုပေးမလဲ အများစု မသိကြသေး သင်ကြားပြသပေးကြဖို့ ပြောနေကြပြီ

မဲဘယ်လိုပေးမလဲ အများစု မသိကြသေး သင်ကြားပြသပေးကြဖို့ ပြောနေကြပြီ

ရွေးကောက်ပွဲ ကျင်းပဖို့ ရက် ၂၀ ပဲ လိုတော့တဲ့အချိန်မှာ မေးမြန်းမှုတွေအရကတော့ မဲပေးမယ့်သူ တော်တော်များများဟာ မဲဘယ်လို ပေးရမယ်ဆိုတာ မသိကြသေးပါဘူး။ မဲပေးကြမယ့်သူတွေက သူတို့အတွက် မဲပေးနည်းစနစ်တွေကို စနစ်တကျ သင်ကြားပြသပေးနိုင်မယ့် သူတွေကို မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလည်း ရှိလာနိုင်တာမို့ လူ့အဖွဲ့အစည်း တစ်ရပ်မှာ အစဉ်အလာအရကို မသမာမှုကို ရွံမုန်းတဲ့ အပြုအမူ ဓလေ့ ထုံးတမ်း ပုံစံတွေကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ခြစားမှုတွေကို ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ စံတန်ဖိုးတွေဆီ တိမ်းညွတ်နိုင်ဖို့ ယဉ်ကျေးမှုအရ ခိုင်မာ အားကောင်းဖို့လိုပါတယ်။ ဒီတော့မှ နိုင်ငံရေး ခြစားမှု ဖြစ်နိုင်ခြေ အလွန်နည်းမှာ ဖြစ်ပါတယ်။

ကျနော်တို့ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီးဟာ နောက်ရက်ပေါင်း ၂၀ ကျော် အတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က စလို့ အကြောက်တရား လွှမ်းမိုးမှုနဲ့ နေလာခဲ့ရတဲ့ အာဏာရှင် အဆက်ဆက်အောက်မှာ ပြည်သူတွေဟာ မတရားမှု မသမာမှုတွေကို ခံလာခဲ့ရတော့ အပြုသဘောဆောင်တဲ့ စံတန်ဖိုးတွေဆီ တိမ်းညွတ်နိုင်ဖို့၊ ခိုင်မာအားကောင်းဖို့ တော်တော့်ကို အချိန်ယူရပါဦးမယ်။

 

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ မသာယာအေး ကတော့ မဲပေးတဲ့ နေ့ရောက်ရင် ဆိုတဲ့ သူမရဲ့ရင်ခုံမှုကို အခုလိုဆိုပါတယ်။

မသာယာအေး ။    ။ မဲပေးရမယ့်အပေါ် စိတ်ခံစားမှု အနေနဲ့ကတော့ စာတွေ အရမ်းကျက်ထားပြီး တော့  ကိုယ့်အဖြေက ဂုဏ်ထူးထွက်မယ့် လူတစ်ယောက်လို ကိုယ့် ပြည်သူတွေအတွက် ကောင်းကျိုး ရလဒ်ရလာမှာ ဖြစ်တဲ့အတွက် ပျော်တယ်။ မဲပေးချင်တယ်။ မဲပေးတဲ့ရက်ကို မြန်မြန် ရောက်လာချင်တယ် သို့သော်လည်း မဲပေးတဲ့ အချိန်မှာ ဖြစ်လာနိုင်တဲ့ အချက်ကတော့ ပြည်သူတွေ အနေနဲ့ ကြိုတင်မဲတွေရဲ့ ပြဿ နာလည်း ရှိနိုင်တယ်။

နောက်တစ်ခုက ကိုယ့်ထည့်မဲ့ မဲမှာ မဲရုံမှူး လက်မှတ် ထိုးမထားတာတို့။ ကိုယ့်မဲကို ပယ်မဲ ဖြစ်သွား နိုင်တဲ့အချက်အလက်ပေါ့။ အစက်အပျောက်တွေပါတဲ့ ကိစ္စမျိုးတွေပေါ့။ အဲဒါ မျိုးတွေကို ကျွန်မတို့ ပြည်သူတွေအနေနဲ့ သတိထားသင့်တယ်။ နောက်တစ်ခါ မဲရုံသွားတဲ့ လမ်းတစ်လျောက်မှာ ဖြစ်နိုင်တဲ့ ကိစ္စက ဥပမာ အချင်းချင်းတွေ စကားများတာ အဲဒါမျိုး တွေလည်း ကိုယ့်ဘက်က သတိထားသင့်တယ်။

သင်္ဃန်းကျွန်း မြို့နယ်က ကိုတင့်ဇော်ထွန်းကတော့ ကိုယ်ပေးလိုက်တဲ့ မဲကြောင့် ကောင်းမွန်တဲ့ အစိုးရ တစ်ရပ် ဖြစ်လာမယ်လို့လည်း ယုံနေတာက တပိုင်း အမှားမှား အယွင်းယွင်း ဖြစ်နေတဲ့ မဲစာရင်းတွေကနေ မဲရုံထဲ ရောက်တဲ့အထိ ယုံရခက်တဲ့ အခြေအနေက တစ်ပိုင်းပါတဲ့။

 

ကိုတင့်ဇော်ထွန်း။ ။ ကျွန်တော်တို့ ပေးလိုက်တဲ့ မဲကတော့ ကျွန်တော်တို့ကြောင့် ကောင်းမွန်တဲ့ အစိုးရတစ်ရပ် သန့်ရှင်းတဲ့ အစိုးရတစ်ရပ် ပြောင်းလဲ သွားမယ်လို့ ကျွန်တော်တို့ကတော့ စိတ်ခံစားမှု ရှိတယ်ဗျ။ ခုလောလောဆယ်ကတော့ မဲစာရင်း မှားနေတာနဲ့တင် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ပြောထားတယ်ပေါ့။ မဲတွေမှားနေတာ သူ့အနေနဲ့ ၃၀ရာခိုင်နှုန်းပဲ တာဝန်ခံနိုင်မယ် ကျွန်တော်တို့ ပေးလိုက်တဲ့ မဲတွေကတော့ အဲလိုမျိုးပေါ့နော်။ လုံခြုံမှု ရှိဖို့ ဆိုတာကတော့ နည်းမယ် ထင်တယ်ဗျ။

မဲရုံအတွင်းမှာ ဆိုရင်တော့ မဲပေးတဲ့စနစ်က နည်းနည်း အခက်အခဲ ဖြစ်နိုင်တယ် ထင်တယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တံဆိပ်တုံးထုတဲ့ ကျွန်တော်တို့ အမှားအယွင်း ဖြစ်မှာ ကြောက်တယ်ဗျ။ ပယ်မဲ၊ ခိုင်လုံမဲ၊ မဲရုံမှူး လက်မှတ် အဲ့ဒါတွေအားလုံးက သတိထားရမှာ ဆိုတော့လေ။ အမှားအယွင်းတွေ ရှိနိုင်မယ် ထင်တယ်ဗျ ကော်မရှင်က လုပ်ပေး နေတာမျိုးကတော့ ရုပ်သံတွေမှာလည်း လာနေတာပေါ့နော်။ ဒါပေမယ့် သာမန် ပြည်သူတစ်ယောက် အနေနဲ့ဆိုရင်တော့ အားရစရာမရှိဘူးဗျ။ ခုချိန်ထိကျွန်တော်လည်း ဘယ်လို ပေးရမယ်မှန်း မသိသေးဘူး။

 

သန်လျင်မြို့နယ်ကနေ မော်လမြိုင်မှာ မဲပြန်ပေးရမယ့်သူ သိမ့်သဉ္ဇာကျော် ကတော့ ကိုယ်ပေးလိုက်တဲ့ မဲကအစိုးရတစ်ရပ် ဖြစ်လာမှာကို ကျေနပ် စိတ်လှုပ်ရှားမိပေမယ့် Voter education နဲ့ ပတ်သက်ပြီးတော့ အရမ်းအားနည်းတယ်တဲ့။

သိမ့်သဉ္ဇာကျော်။  ။ ကျမအနေနဲ့ ဒီမဲပေးတာကတော့ ဒုတိယ အကြိမ်မြောက် ပေါ့နော်။ ပထမ အကြိမ်တုန်းက ၂၀၁၂တုန်းက ပေးခဲ့တာပေါ့။ ဒီမဲပေးတဲ့ အပေါ်မှာ ဘယ်လို စိတ်ခံစားမှု ရှိလဲဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှား စရာတော့ ကောင်းတာပေါ့နော်။ ကိုယ်ပေးရမယ့် မဲတစ်မဲကပေါ့နော် ဘယ်လိုမျိုးအဖြေမျိုး ထွက်လာမလဲပေါ့နော်။ ဘယ်လိုအစိုးရ တက်လာမလဲဆိုတာ တိုက်ရိုက်သက်ရောက်နေတော့ နည်းနည်းတော့ စိတ်လှုပ်ရှား တယ်ပေါ့နော်။

အခက်အခဲကတော့ နယ်ပြန်ပြီးတော့ ပေးရတာပေါ့နော်။ ကျွန်မက ရန်ကုန်မှာ နေတာ သိပ်မကြာသေးဘူး သွားလိုက် လာလိုက်ဆိုတော့ မဲစာရင်း ပြောင်းမရဘူးပေါ့နော်။ အခုတော့ မော်လမြိုင်မှာပဲ သွားပြန်ပေးရတာပေါ့။ မဲပေးရမယ့်နေ့က ၈ရက်နေ့ ပေးရမယ်ဆိုတော့ ၇ ရက်နေ့ည ပြန်ရမယ်ပေါ့။

အသွားအလာတော့ နည်းနည်းတော့ အခက်အခဲ ရှိတယ်ပေါ့နော်။ ကားလက်မှတ်တွေ ဘာတွေ အဲဒီကာလကျတော့ ကိုယ့်နယ် ကိုယ်ပြန်ပြီး မဲပေးရတာတွေ ဘာတွေရှိတော့ ကားနည်းနည်း ဝယ်ရ ခက်တယ်ပေါ့နော်။ သွားလာရေးပေါ့နော်။ အခက်အခဲ အကြီးဆုံးကတော့ ကျွန်မတို့ဘက်မှာက Voter education နဲ့ ပတ်သက်ပြီးတော့ အားက အရမ်းနည်းတယ်ပေါ့နော်။

 

တာချီလိတ်က စောလမင်းကတော့ အခုချိန်ထိ ပြည်သူတွေအနေနဲ့ ဘယ်လို မဲပေးရမယ် ဆိုတာတောင် မသိနိုင်သေးဘူး မဲပေးဖို့ အသိပညာ အားနည်းနေသေးတယ်တဲ့။

 

စောလမင်း။ ။အခုချိန်ထိ ပြည်သူတွေအနေနဲ့ ဘယ်လို မဲပေးရမယ် ဆိုတာတောင် မသိနိုင်သေးဘူး။ နောက်ပြီးတော့ ဒီဘက်မှာ ရှိတာက ရွေ့ပြောင်း လုပ်သားတွေ များတယ်။ သူတို့ကိုယ်တိုင်က မဲပေးဖို့ အသိပညာ အားနည်း နေသေးတယ်။ မဲပေးဖို့တောင်မှ သူတို့ကိုယ်တိုင် မဲပေးရင်ကောင်းမလား မကောင်းလား။ ဘယ်လိုပေးရမလဲ မဝေခွဲတတ် သေးဘူး ဟုတ်တယ်ဗျ အဲဒါ တော်တော်ကို စိုးရိမ်ရမယ့် အခြေနေဗျ။ ကျွန်တော်တို့က ပြည်နယ်မှာ ရှိတဲ့အတွက် တိုင်းရင်းသား လူမျိုးတွေအနေနဲ့ လေးမဲထည့် ရမယ် ဆိုတာတောင် နားမလည်သေးဘူး။ သုံးမဲပဲထည့်ရမယ်လို့ ယုံထားတယ်သူတို့က။

 

မဲပေးဖို့တွေ လုပ်ဖို့ ခြေလှမ်းတွေ တော်တော်နောက်ကျနေတယ်လို့ ကျွန်တော်မြင်တယ်ဗျ လူမှုရေး အသင်းအဖွဲ့တွေက လုပ်မယ်လို့တော့ ပြောတယ်။ သူတို့ ဗွီနိုင်းတွေ ကပ်တာတော့ မြင်တယ်။ ဒါပေမယ့် ပြည်ပြည့်၀၀ မလုပ်နိုင်လောက်ဘူးနဲ့ ထင်တယ်။ အင်အား တော်တော် နည်းမယ်ထင်တယ်။ အခုဆိုရင် လမ်းတွေမှာ လူသွားမြင်ကွင်းတွေမှာ မဲပေးပုံ စနစ်တွေလည်း ကပ်ထားတာလည်း မမြင်ဘူး။ နောက်ပြီးတော့ စကားမပေါက်တဲ့ ဒေသခံတွေလည်း များကြတယ်။

 

၃၀ ရာခိုင်နှုန်း ဆိုတဲ့ဟာက စိတ်မချစရာ ဖြစ်ပေမယ့် သူတို့စမ်းချောင်းမှာ မဲပေးဖို့ အသိပညာပေ းမှုတွေ လုပ်နေတာတွေရတဲ့အတွက် ကိုယ်ပေးတဲ့ မဲတစ်ပြားက ထိရောက် လိမ့်မယ်လို့ ထင်တယ်လို့ မသာယာအေးက ဆိုပါတယ်။

မသာယာအေး။             ။ ကျွန်မတို့ မဲပေးခွင့်ရှိတဲ့ အမှား အမှန်ပေါ့နော်။ ရွေးကောက်ပွဲ မဲစာရင်းမှာ ကိုက ၃၀ရာခိုင်နှုန်းပဲ မှန်မယ်လို့ ပြောထားတာလေ။ အဲထဲကိုက ကျွန်မတို့က စိတ်မချ စရာတစ်ခု ဖြစ်နေတာ ပေါ့နော်။ အစိုးရကပြောတဲ့ ပြည်သူတွေကို ဒီလို မဲတွေပေးရမယ် ဒီလိုအခြေနေမျိုးမှာ ဒီမဲ တွေနဲ့ ပတ်သက်ပြီးတော့ ဥပမာထားပါတော့ သတင်းစာထဲမှာ ပါတဲ့ ငှက်ပျောသီးတို့ ပန်းသီးတို့လေ။ အဲဒါတွေကိုတော့ အစိုးရဘက်က လုပ်နေသလို သူတို့ ပါတီအချင်းချင်းလည်း လုပ်နေတာရှိသလို ပြည်သူ အချင်းချင်း ကလည်း လုပ်နေတာရှိတော့ ကိုယ်ပေးတဲ့ မဲတစ်ပြားက ထိရောက် လိမ့်မယ်လို့ ထင်ပါတယ်။

ရွေးကောက်ပွဲ မသမာမှုတွေ မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်း အများစုထဲမှာ ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်တာကနေ မဲပေးခြင်းနဲ့ စာရင်းသွင်းခြင်းအထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်လျှောက် လုံး၀ ပွင့်လင်း မြင်သာမှုရှိအောင် ပြုလုပ်ခြင်း ပါဝင်ပါတယ်။ ရွေးကောက်ပွဲရဲ့ ဘယ်အစိတ် အပိုင်းမှာမဆို သမာသမတ် ကျပါတယ်လို့ အာမခံနိုင်ခြင်းက အဓိက ကျတယ်မဟုတ်လား ဗဟိုအဆင့် စာရင်းသွင်းရာမှာ မသမာမှုတွေကို ကာကွယ်ဖို့ မဲရုံ တစ်ခုချင်းစီက ရလဒ်တွေကို လူသိရှင်ကြား ထုတ်ပြန်ရပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အာဏာပိုင်တွေ အနေနဲ့ မဲရေတွက်ပြီး စာရင်းပေါင်းရာမှာ မှန်မှန်ကန်ကန် လုပ်ပါတယ်လို့ မဲဆန္ဒရှင်တွေကို သက်သေပြဖို့ တစ်ခုတည်းသော နည်းပဲမဟုတ်ပါလားခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly