ထုပ်ပိုးမှုချင်းပင် မယှဉ်နိုင်တဲ့ မြန်မာ့ ထုတ်ကုန်များ အာဆီယံ စျေးကွက်ကို ဘယ်လိုဖောက်မလဲ

ထုပ်ပိုးမှုချင်းပင် မယှဉ်နိုင်တဲ့ မြန်မာ့ ထုတ်ကုန်များ အာဆီယံ စျေးကွက်ကို ဘယ်လိုဖောက်မလဲ

အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိလာတဲ့အခါ နိုင်ငံတကာ ကုန်စည် စီးဆင်းမှုတွေ အခုထက်ပိုပြီး များပြားလာတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် တံခါးဖွင့် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့ မြန်မာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ ဈေးကွက် ယှဉ်ပြိုင်မှုတွေဖြစ်လာဖို့ရှိနေပါတယ်။

ဒီလို ဈေးကွက်ယှဉ်ပြိုင်မှုတွေ ရှိလာရင် ထုတ်ကုန်ချင်း တူရင်တောင်မှ ပစ္စည်းအရည်အသွေးပိုင်းနဲ့ ထုတ်ပိုးမှု ပုံစံတွေ ကောင်းမှ ဈေးကွက်မှာ အသာစီးရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်းက ထုတ်ကုန်တွေဟာ နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံတကာ ဈေးကွက်တွေနဲ့ အထိအတွေ့ နည်းခဲ့ တာကြောင့် အရည်အသွေးနဲ့ ထုတ်ပိုးမှု နည်းစနစ်အပိုင်းမှာ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“မှန်တာပြောရရင် သူများနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် အရမ်းနိမ့် ပါသေးတယ်။ နည်းပညာရပ်ကော သုံးစွဲနိုင်တဲ့ စက်ကိရိယာပိုင်းရော ကျွန်တော်တို့က အရမ်းနိမ့်ပါတယ်။ စက်မှုလုပ်ငန်းဘက်ကို ပြန်ကြည့်မယ်ဆိုရင် တော်တော်များများက စားသောက်ကုန်တွေ အားလုံးက ဝယ်သုံး နေရတယ်လေ။ ဈေးထဲမှာ သွားကြည့်မယ်ဆိုရင် တရုတ်ပြည်၊ ယိုးဒယားနဲ့ မလေးရှားကလာတဲ့ ပစ္စည်းတွေကိုပဲ စားသောက် နေရတယ်၊ သုံးစွဲနေရတယ်” လို့ စီးပွားရေး လုပ်ငန်းရှင် ဦးနှင်းဦးက ပြောပါတယ်။

ပြည်တွင်းက စက်မှုထုတ်ကုန်နဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ စားသုံးသူတွေက ဆွဲဆောင်နိုင်မယ့် ထုပ်ပိုး မှုပုံစံတွေရရှိဖို့ နည်းပညာနဲ့ စက်ပစ္စည်း အသုံးချမှု အပိုင်းတွေ အားနည်း နေပါသေးတယ်။

အခုအချိန်ထိ ပြည်တွင်း စားသောက်ကုန် ဈေးကွက်မှာဆိုရင်လည်း နိုင်ငံခြားကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အများဆုံး ဝယ်ယူ စားသုံးနေဆဲဖြစ်ပါတယ်။ ဒီနေရာမှာ ထုပ်ပိုးမှုနဲ့ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ဝယ်လိုအား ကျဆင်းနေတာတွေ ကြုံနေရတယ်လို့ Ready ငါးသေတ္တာ လုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က ပြောပါတယ်။

“ဒီမှာလိုတာက တစ်က  Material (စက်ပစ္စည်း) ပေါ့နော် လိုချင်တဲ့ Material မရဘူး။ နှစ်က နည်းပညာပေါ့ နည်းပညာသည် ဘာနဲ့အတူတွဲပါလာလဲဆိုရင် ကျွန်တော်တို့ ရဲ့ နောက်ဆုံးပေါ် နည်းပညာ စက်ကြီးပစ္စည်း ကိရိယာတွေနဲ့ တွဲပါလာတယ် ဒီစက်တွေ ဒီကိရိယာတွေမရှိတဲ့အတွက်ကြောင့် မလုပ်နိုင်တာတွေ ကျွန်တော်တို့ရှိတာပေါ့။ တတိယအချက်ကတော့ ဒီဇိုင်းတို့ နောက်တခါ တကယ်ပဲ ထုတ်ပိုးမှုကို နားလည်ပြီး ထုတ်ပိုးမှုတွေကို ပြင်ဆင်နိုင်မဲ့ နည်းပညာတွေ၊ တတ်ကျွမ်းတာတွေ မရှိဘူး” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်မှာ နိုင်ငံတကာ ပြုပြင်ထုတ်ပိုးမှု နည်းပညာဆိုင်ရာ ပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ နိုင်ငံပေါင်း ၁၈နိုင်ငံကနေ နိုင်ငံတကာရဲ့ ထုတ်ပိုးမှုနည်းပညာတွေ စက်ကိရိယာတွေကို လာရောက်ပြသကြတာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတွင်းက ကုန်ပစ္စည်း ထုတ်ပိုးမှုတွေကိုအဆင့်မြင့်တင်တဲ့ နေရာမှာ နည်းပညာမြင့် စက်ပစ္စည်းတွေကို အသုံးပြုနိုင်ဖို့အတွက် ဈေးကွက် လာရှာကြတာဖြစ်ပါတယ်။

ထုပ်ပိုးမှုစနစ် ကောင်းမွန်မှုမရှိသေးတာ၊ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ အရည်အသွေး အားနည်း နေတာတွေကြောင့် မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေက ဈေးကွက် ချဲ့လာကြပါတယ်။ “မြန်မာနိုင်ငံတင် မကဘူး တခြားနိုင်ငံတွေကပါ ကျမတို့ရဲ့ ကုမ္ပဏီကို ပိုမိုသိရှိအောင်နဲ့ ဈေးကွက်ချဲ့ဖို့ပါပဲ။ ထုတ်ကုန် တခုမှာ ထုတ်ပိုးမှုပုံစံက အရမ်းအရေးကြီး ပါတယ်။ ဈေးဝယ်သူတွေက ထုတ်ပိုးမှုပုံစံကိုပဲ ကြည့်ပြီး ရွေးဝယ်ကြတာ” လို့ နိုင်ငံတကာ ပြုပြင်ထုတ်ပိုးမှု နည်းပညာဆိုင်ရာ ပြပွဲကို တက်ရောက်လာတဲ့ CHAN WANICH-Security Printing မှ ဝက်ချရဖွန်း ထန်းရပ်ချမ်လိန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း သွင်းကုန်ပမာဏက ပို့ကုန်ထက် ပိုမိုများပြားနေဆဲ ဖြစ်တာကြောင့် ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း ဖြစ်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် တန်ချိန်သန်းပေါင်း ခြောက်ဆယ်လောက်ရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာ စားသောက်ကုန်တွေကို ဈေးကွက်အတွင်း စံချိန်မီ ထုတ်လုပ်နိုင်ဖို့က နည်းပညာနဲ့ ထုပ်ပိုးမှု အထောက်အကူပြု စက်ပစ္စည်းတွေ အသုံးပြုနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ခိုင်မာဖို့အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းအပိုင်းတွေ အခုထက်ပိုပြီး လိုအပ်နေတာဖြစ်ပြီး ဈေးကွက်မျက်နှာစာမှာ အရင်ဆုံးထိတွေ့ရမယ့် အာဆီယံ အသိုက်အဝန်း အတွက်လည်း တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကလည်း အများကြီးရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly