တရုတ်နိုင်ငံသားသုံးဦးကို မှတ်ပုံတင်အတုကိုင်ဆောင်မှုဖြင့် နေပြည်တော်တွင် တရားစွဲတင်

10 October 2019
တရုတ်နိုင်ငံသားသုံးဦးကို မှတ်ပုံတင်အတုကိုင်ဆောင်မှုဖြင့် နေပြည်တော်တွင် တရားစွဲတင်

#MizzimaTV

နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်ကာ နေပြည်တော်ကျောက်မျက်ပြပွဲသို့ ဝင်ရောက်ရန် ကြိုးပမ်း မှုဖြင့် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားသုံးဦးကို ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် အောက်တိုဘာလ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့သည်။ တရုတ်နိုင်ငံသားသုံးဦးဖြစ်သော ဖုန်ကျင်းဟိုင်၊ ဖုန်ကျင်းရှိနဲ့ ကျန်ကျောင်းဟန်တို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားကို လိမ်လည်အတုပြုလုပ်ကိုင်ဆောင်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု စသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀၊ ၄၆၈အပြင် ၁၉၄၇ခုနှစ် လတ်တလောပြဌာန်းချက်များအက်ဥပဒေ ပုဒ်မ ၁၃(၁)တို့ဖြင့် ဇဗ္ဗူသီရိမြို့နယ်၊ လဝက ဦးစီးမှူး ဦးသန်းထူးက တရားလိုလုပ်ကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။ တရားစွဲတင်ထားသော အဆိုပါပုဒ်မများသည် အာမခံပေးခွင့်မရှိသောကြောင့် ချုပ်မိန့်ပေး၍ အမှုကို ဆက်လက်စစ်ဆေးသွားမည်ဟု ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းက အောက်တိုဘာလ ၁၀ရက်နေ့ (ယနေ့) တရားခွင်၌ ဆုံးဖြတ်ခဲ့သည်။ တရားစွဲခံထားရသော တရုတ်နိုင်ငံသားသုံးဦးသည် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ရက်နေ့က နေပြည်တော် တွင်ပြုလုပ်ခဲ့သော နှစ်လည်ကျောက်မျက်ပြပွဲအတွင်းဝင်ရောက်ရန် ကြိုးပမ်းစဉ် နိုင်ငံသားစိစစ်ရေး ကတ်ပြား အတု ကိုင်ဆောင်ထားသည်ကို လဝကအရာရှိများက စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရိုက်ကူးတည်းဖြတ် မင်းမင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required