ONE Warrior Series 8 ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် အလားအလာ အကောင်းဆုံး ကစားသမားများ

ONE Warrior Series 8 ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် အလားအလာ အကောင်းဆုံး ကစားသမားများ

ONE Championship ၏ ဒုတိယ ဥက္ကဌ Rich Franklin စီစဉ်ကျင်းပသည့် ONE Warrior Series 8 ပြိုင်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်က ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည်။ ONE Championship ၏ ပွဲ ၁ဝဝ မြောက် ပြိုင်ပွဲကြီး ONE: Century မတိုင်ခင် အကြိုသဘော ကျင်းပသည့် အဆိုပါ ပြိုင်ပွဲကြီးတွင် အဓိက ပွဲမှ လွဲ၍ ကျန်တွဲဆိုင်း အားလုံးကို ဂျပန် ကစားသမားများနှင့် နိုင်ငံတကာ ကစားသမားများ ထိပ်တိုက်တွေ့ စေရန် ပွဲတည်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကစားသမားများ ထဲမှ ONE Championship သို့ တက်လှမ်းနိုင်ရန် အလားအလာ ရှိသည့် ကစားသမားများ အကြောင်း စုစည်းတင်ဆက်လိုက်ရပါသည်။

(၁) Emmanuel Onyedikachi

OWS 8 ပြိုင်ပွဲ၏ အဓိက ပွဲအဖြစ် အမေရိကန်သား De’Von “Bam Bam” Morris ကို တကျော့ပြန် ရှုံးကြွေးဆပ် အနိုင်ယူခဲ့သည့် နိုက်ဂျီးရီးယား ကစားသမား Emmanuel “The Biafran Warrior” Onyedikachi သည် ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ရန် အလားအလာနှင့် လက်စွမ်းမျိုး ပိုင်ဆိုင်ထားသည့် ကစားသမားတစ်ဦး ဖြစ်သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အခြေစိုက်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားကောင်းတစ်ဦး ဖြစ်လာရန် ကြိုးစားနေသည့် Onyedikachi သည် OWS ပြိုင်ပွဲကို ၁ မှ ၄ အထိ ဆက်တိုက် ပါဝင်ယှဉ်ပြိုင် ခဲ့ကာ ၃ ပွဲဆက် နိုင်ခဲ့ပြီး Morris တစ်ဦးတည်းကိုသာ ပထမတစ်ကြိမ် တွေ့ဆုံစဉ်က ရှုံးနိမ့်ခဲ့ဖူးခြင်း ဖြစ်သည်။ Onyedikachi သည် အသက် ၃၂ နှစ် ရှိပြီဖြစ်သော်လည်း လက်ရှိ ကြံ့ခိုင်မှုနှင့် လက်စွမ်းက ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ဆက်လက်ယှဉ်ပြိုင်နိုင်သည့် အနေအထားတွင် ရှိနေသေးသည်။

ယခုပွဲတွင် Onyedikachi သည် ပထမတစ်ကြိမ် ရှုံးနိမ့်ခဲ့မှုကို သင်ခန်းစာယူကာ ပြိုင်ဘက်ကို ပူးကပ်ချုပ်ကိုင်ခြင်းမျိုး မလုပ်တော့ဘဲ အားပါသည့် လက်သီး တွဲလုံးများဖြင့် ခြိမ်းခြောက်ခဲ့သည်။ Morris ကလည်း ပြိုင်ဘက်၏ တိုက်စစ် အရှိန်အဟုန်ကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အမြန်လက်သီးချက်များ သုံးကာ Onyedikachi ၏ ဟာကွက်များကို ထိုးနှက်ခဲ့သည်။ Morris ၏ ဗျူဟာ အလုပ်ဖြစ်ခဲ့ သဖြင့် Onyedikachi လည်းကစားပုံ ပြောင်းကာ လက်သီးထက် ခြေကန်ချက်များကို ပိုသုံးခဲ့သည်။ ယခုတစ်ကြိမ် တွင်တော့ Morris အသည်းအသန် ခုခံခဲ့ရပြီး အောက်ပိုင်းကို အာရုံစိုက် နေရသဖြင့် အပေါ်ပိုင်းတွင် လစ်ဟာမှုမျာ ဖြစ်ကာ မကြာခဏ ထိုးနှက်ခံခဲ့ရသည်။ တတိယ အချီတွင် Morris ၏ ကန်ချက်က Onyedikachi ၏ ပေါင်ခြံကို ထိခိုက်မိ ခဲ့ပြီး ၅ မိနစ် အနားတောင်းခဲ့ရသည်။ ၅ မိနစ် ပြည့်သည့်တိုင် Onyedikachi ပြန်မကစား နိုင်သဖြင့် ဒိုင်များက ကစားပြီးသလောက် အနေအထားကို ကြည့်၍ အမှတ်ပေးခဲ့ရာ Onyedikachi အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၂) Ryoji Kudo

ဒုတိယ အဓိက တွဲဆိုင်းတွင် ဖိလစ်ပိုင်သား Jerry Olsim ကို အနိုင်ယူခဲ့သည့် အိမ်ရှင် ဂျပန်နိုင်ငံသား Ryoji Kudo သည်လည်း အလားအလာ ကောင်းသည့် ကစားသမား တစ်ဦးဖြစ်သည်။ Shooto ပြိုင်ပွဲ၏ ကစားသမားဟောင်း Kudo သည် OWS တွင် ပွဲတိုင်းနိုင်ထားသည့် Olsim ကို ၃ ချီလုံးလုံး အကြိတ်အနယ် ကစားပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ Kudo သည် လွန်ခဲ့သည့် ၂ နှစ်ခန့် အထိ အပျော်တမ်း ကစားသမား တစ်ဦးအဖြစ်သာ ယှဉ်ပြိုင်နေခဲ့ပြီး Shooto အပျော်တမ်း တံခွန်စိုက် ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ရာမှ ပရော်ဖက်ရှင် နယ် လောကထဲ ဝင်လာခဲ့သူ ဖြစ်သည်။ ၎င်း၏ ပရော်ဖက်ရှင်နယ် ဘဝတွင် ပွဲပေါင်း ၇ ပွဲ ကစားပြီး ၅ ပွဲနိုင် ၁ ပွဲရှုံး ၁ ပွဲသရေ ရလဒ် ရှိခဲ့ရာ ယခုပွဲသည် ဆဋ္ဌမမြောက် နိုင်ပွဲ ဖြစ်လာခဲ့သည်။

ဖယ်သာဝိတ်တန်း ကစားသမား ၂ ဦးသည် ယခုပွဲတွင် ONE Championship မျှော်လင့်ချက် အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး Kubo က တိုက်စစ်ပိုမို ကစားနိုင်ခဲ့ကာ ပြိုင်ဘက်ကိုလည်း မြေပြင်ပေါ် လှဲချနိုင်ခဲ့သည့် အကြိမ်ရေ ပိုများခဲ့သည်။ အထူးသဖြင့် နောက်ဆုံး အချီတွင် Olsim ကို လုံးဝ မလှန်နိုင်လောက်အောင် တောက်လျှောက် ဖိအားပေး တိုက်စစ်ဆင် နိုင်ခဲ့သည်။ နောက်ဆုံး စက္ကန့်တွင်ပင် Olsim ကို ကြမ်းပြင်ပေါ်သို့ ပစ်လှဲချနိုင်ခဲ့သည့် Kudo သည် အလဲထိုး ရလဒ်ကို မရရှိခဲ့သော်လည်း ဒိုင် ၃ ဦး စလုံးက ၎င်းကို အနိုင်ပေး ခဲ့ကြသည်။

(၃) Min Jong Song

အိမ်ရှင် ဂျပန်နိုင်ငံသား Kodai “Jake” Murata ကို အနိုင်ယူခဲ့သည့် တောင်ကိုရီးယား ကစားသမား Min Jong “Double Hearts” Song သည်လည်း ONE Championship နှင့် ထိုက်တန်သော လက်စွမ်းမျိုးရှိသူဖြစ်သည်။ Song သည် လက်ရှိတွင် တောင်ကိုရီးယား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတစ်ခု ဖြစ်သည့် Road FC တွင် ဖလိုင်းဝိတ်တန်း ချန်ပီယံအဖြစ် ရပ်တည်နေသူ ဖြစ်သည်။ သူသည် ၂ဝ၁၂ ခုနှစ်က ONE Championship ပြိုင်ပွဲတစ်ပွဲပင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသူ ဖြစ်ပြီး ထိုစဉ်က ဝါရင့်ဂျပန် ကစားသမား တစ်ဦးဖြစ်သည့် Masakatsu Ueda ကို ရှုံးနိမ့်ခဲ့သည်။ ယခုတစ်ကြိမ် တွင်တော့ ဒုတိယမြောက် OWS နိုင်ပွဲအနေဖြင့် ဂျပန်သား Murata ကို အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခုပွဲတွင် ကစားသမား နှစ်ဦးစလုံးသည် မတ်တပ်ရပ်တိုက်ခိုက်မှုထက် မြေပြင်ချုပ်ကွက်ဖြင့် အားပြိုင်မှုက ပိုမိုများခဲ့သည်။ ကြိုးဝိုင်း၏ ထောင့်တစ်ထောင့်တွင် ပိတ်ကာ ကြမ်းပြင်ပေါ် လှဲချနိုင်ရန် အားပြိုင်ကြသည့် အခါ Song က အသာစီး ရခဲ့သလို ကြမ်းပြင်ပေါ် တိုက်ခိုက် ရသည့် နပမ်းချုပ်ကွက် များတွင်လည်း Song ကပင် ဦးဆောင်နိုင် ခဲ့သည်။ Murata က ဒုတိယ အချီတွင် အပေါ်စီးမှ ကစားခွင့် ရသည့်တိုင် ထိရောက်သည့် ချုပ်ကွက်မျိုးကို မဖန်တီးနိုင်ဘဲ Song ၏ လက်သီးချက် များကိုသာ ခုခံနေခဲ့ရသည်။ ထို့ကြောင့် ၃ ချီ ပြည့်သည် အထိ အကြိတ်အနယ် ကစားအပြီးတွင် အမှတ်ပေး ဒိုင်များက Song ကို အနိုင်ပေးခဲ့ကြသည်။

(၄) Hikaru Yoshino

ကေမာၻဒီးယား ကစားသမား Chan Samart ကို အနိုင်ရခဲ့သည့် အိမ်ရှင် ဂျပန်ကစားသမား Hikaru “The Painter” Yoshino မှာ အလားအလာ ကောင်းသည့် အငယ်တန်း ကစားသမားတစ်ဦးဖြစ်သည်။ ဂျပန်နိုင်ငံမှ DEEP နှင့် HEAT ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသူ Yoshino သည် နောက်ဆုံး ကစားခဲ့သည့် ၇ ပွဲဆက်တိုက် အနိုင်ရခဲ့သူလည်း ဖြစ်သည်။ Shooto အပျော်တမ်း ပြိုင်ပွဲတွင် ရှုံးပွဲမရှိ ရလဒ်ဖြင့် ပရော်ဖက်ရှင်နယ် ဘဝသို့ ကူးပြောင်းလာသူ Yoshino သည် ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ဖူးသူ ဖြစ်သည်။

Yoshino သည် ယခုပွဲတွင် မတ်တပ်ရပ် တိုက်ခိုက်မှု အားသန်သော ခွန်ခမာ လက်ဝှေ့ ကစားသမား Chan ကို အသာစီးရရန် ပွဲစ ကတည်းက အတင်းလုံးထွေးချုပ်ကိုင်သည့် ဗျူဟာကို အသုံးပြုခဲ့သည်။ Yoshino ၏ မြေပြင်အချုပ် စွမ်းရည်ကြောင့် Chan မှာ သုံးချီ လုံးနီးပါး ကြမ်းပြင်ပေါ်တွင် အရှုံးမပေးရအောင် လူးလှိမ့်ခုခံ နေခဲ့ရသည်။ တတိယ အချီတွင် တစ်ကြိမ်ချုပ်ကွက်မှ လွတ်သွားသည့် အခိုက်အတန့် Chan ၏ လက်သီးချက် များက Yoshino ကို ကောင်းစွာ ဒုက္ခပေး နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ပြိုင်ဘက်ကို ကြမ်းပြင်ပေါ် လှဲချရာတွင် ကျွမ်းကျင်သည့် Yoshino ကိုသာ ဒိုင်များကအနိုင်ပေးခဲ့သည်။

(၅) So Yul Kim

OWS 8 ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အမျိုးသမီး ကစားသမားများ ထဲတွင် အလားအလာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် နိုင်သူမှာ ဂျပန် ကစားသမား Satomi “Sarami” Takano ကို အနိုင်ယူခဲ့သည့် တောင်ကိုရီးယား ကစားသမား So Yul Kim ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်ကမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲသို့ ပရော်ဖက်ရှင်နယ် တစ်ဦးအဖြစ် ဝင်ရောက် လာခဲ့သူ Kim သည် ပွဲဦးထွက် ပွဲတွင် ပြိုင်ဘက်ကို တစ်မိနစ် အတွင်း မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ OWS ပြိုင်ပွဲ ၃ ပွဲ ပါဝင်ယှဉ်ပြိုင် ခဲ့ရာ ၂ ပွဲ အနိုင်ရခဲ့ပြီး ယခုပွဲတွင် ၎င်း၏ တတိယမြောက် နိုင်ပွဲကိုရခဲ့ခြင်း ဖြစ်သည်။

ယခုပွဲတွင် အမှန်တကယ် တိုက်စစ်ကို တစ်ပွဲလုံး ကစားသွားခဲ့သူမှာ Takano ဖြစ်ပြီး Kim က ခံစစ်နှင့် တန်ပြန် တိုက်စစ်ကို အကောင်း ဆုံး အသုံးချနိုင်ခဲ့သဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ကစားသမား နှစ်ဦးစလုံးသည် တစ်ပွဲလုံးနီးပါး မတ်တပ်ရပ် တိုက်ခိုက်မှုဖြင့် အားပြိုင် ခဲ့ကြပြီး Kim ၏ မြန်ဆန်သည့် လက်သီးချက် များက Takano ကို ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့သည်။ ပထမအချီတွင် Takano က Kim ကို ကြမ်းပြင်ပေါ် လှဲချနိုင်ခဲ့ သေးသော်လည်း မြေပေါ် ပက်လက် အနေအထားဖြင့် Kim လှမ်းကန်သည့် ကန်ချက်ကပင် Takano ကို အထိနာ စေခဲ့သည်။ နောက်ဆုံးအချီတွင် Kim ၏ ဆက်တိုက်ထိုးနှက်ချက် များကြောင့် Takano အတော်အထိနာခဲ့ပြီး ပွဲအပြီးတွင် ဒိုင်များက Kim ကို အနိုင်ပေး ခဲ့ကြသည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအား ကစားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခင်က မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ် တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

 

ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ အဓိက တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

 

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသသွားမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသပေးသွားမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွား မည်ဖြစ်သည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required