“ခင်ဗျားက ဘာမှ မထိုက်တန်ပါဘူး” - ယူနိုက်တက်ပရိသတ်
ပေါလ်ပေါ့ဂ်ဘာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်လ်ဒို ရရှိနေတဲ့ လုပ်ခလစာမျိုးနဲ့ ညီမျှတဲ့ လစာနှုန်းကို ပေးချေဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ပြီးနောက်မှာတော့ အသင်းပရိသတ်တွေဟာ သူ့ကို အမျက်ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။
ပေါ့ဂ်ဘာဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် (၂၉၀,၀၀၀)အထိ ရရှိနေပြီး အသင်းရဲ့ လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
အီတလီက Tuttosport ရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမယ့် လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့အတွက် တစ်နှစ်လုပ်ခ ပေါင် (၂၇)သန်းအထိ ပေးဖို့ ပေါ့ဂ်ဘာက အလိုရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒီတောင်းဆိုတဲ့ လုပ်ခလစာဟာ ဂျူဗင်တပ်စ်မှာ ရော်နယ်လ်ဒိုရရှိတဲ့ လစာ ပမာဏနဲ့ တူညီတာဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ ဒီနှစ်နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာလိုတယ်လို့ အသိအလင်း ပြောဆိုခဲ့ပေမယ့် အသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ကစားသမားဘက်က တောင်းဆိုတဲ့အနေအထားကို လိုက်လျောဖွယ်လည်းရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ပေါ့ဂ်ဘာရဲ့ လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုအပေါ် ယူနိုက်တက် ပရိသတ်တွေက လူမှုမီဒီယာပေါ် သူ့ကို ဆဲဆိုတဲ့အထိ တုံ့ပြန်ခဲ့ကြတဲ့အပြင် အသင်းကနေ ထွက်ခွာသွားဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
"အို f*** off"ဆိုပြီး ယူနိုက်တက် ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးတင်သလို အခြားတစ်ယောက်ကလည်း "ရောင်းလိုက်ပါကွာ"လို့ ဆိုပါတယ်။
အခြားပရိသတ်တစ်ယောက်ကလည်း "အဆိပ်ကောင်"လို့ သမှုတ်ပါတယ်။
"ပေါ့ဂ်ဘာနဲ့ သူ့ရဲ့ အေးဂျင့်က အသင်းကို ကစားနေတာကွ။"လို့ တစ်ယောက်က ထည့်ရေးခဲ့ပါတယ်။
"အဝေးကို ထွက်သွားစမ်းပါ .... ခင်ဗျားက ဘာမှ မဟုတ်ဘူးပါဗျာ ..."လို့ တွစ်တာ အသုံးပြုသူတစ်ဦးက ရေးခဲ့သလို နောက်တစ်ယောက်ကလည်း "တောင်းဆိုတဲ့ ပိုက်ဆံနဲ့ ထိုက်တန်တယ်ဆိုတာ ခင်ဗျား သက်သေပြဖို့ လိုတယ် ... အခု ခင်ဗျားက ဘာမှ မထိုက်တန်ပါဘူး။"လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပေါဂ်ဘာဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ နောက်ဆုံး ပွဲစဉ် (၂)ပွဲဆက် လွဲချော်ထားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် လီဗာပူးလ်နဲ့ပွဲကိုတော့ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref; Daily Express