ဆီးရီးယားမှာ တူရကီတပ်တွေ စတင်ထိုးစစ်ဆင်

ဆီးရီးယားမှာ တူရကီတပ်တွေ စတင်ထိုးစစ်ဆင်

ကိုင်ရို၊ အောက်တိုဘာ ၁၀ ။        ။ ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်လက်နက်ကိုင်အုပ်စုကို တူရကီနဲ့ ဆီးရီးယားသူပုန်မဟာမိတ်တပ်တွေက စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း တူရကီသမ္မတ တေယစ်အာဒိုဂန်က အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။

“တူရကီ တပ်တွေရယ်၊ ဆီးရီးယားအမျိုးသားတပ်ဖွဲ့ရယ် ပူးပေါင်းပြီး ငြိမ်းချမ်းရေးနွေဦး စစ်ဆင်ရေးကို စတင်ထိုးစစ်ဆင်တာပါ။ ဆီးရီးယားမြောက်ပိုင်းက PKK သူပုန်တွေနဲ့ အိုင်အက်စ်အကြမ်းဖက်တွေကို ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။”လို့ တွစ်တာမှာ အာဒိုဂန်က ရေးသားထုတ်ပြန်ပါတယ်။

တူရကီ ကာကွယ်ရေးဝန်ကြီးဌာနကလည်း နိုင်ငံရဲ့ လက်နက်ကိုင်တပ်နဲ့ ဆီးရီးယားအမျိုးသားတပ်ဖွဲ့တွေ ပူးပေါင်းပြီး ယူဖရေးတီးမြစ် အရှေ့ခြမ်းမှာ ထိုးစစ်ဆင်တာဖြစ်ကြောင်း နောက်ပိုင်းမှာ တွစ်တာကနေ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခံရတဲ့ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေဖက်က ထုတ်ပြန်ချက်မှာ တူရကီတပ်တွေက ဆီးရီးယားမြောက်ပိုင်းမှာ ၎င်းတို့ရဲ့ စစ်တပ်စခန်းကို စတင်တိုက်ခိုက်ပေမယ့် ထိုးစစ်ကို တန့်အောင် ခံစစ်ခုခံထားနိုင်ကြောင်း ထုတ်ပြန်ပါတယ်။

“တူရကီတပ်တွေရဲ့ မြေပြင်ထိုးစစ်ကို ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့က တွန်းလှန်နိုင်ခဲ့တယ်။”လို့ ကာ့ဒ်တပ်ဖွဲ့ ပြောဆိုခွင့်ရှိသူ မူစတာဖာဘာလီက ဗုဒ္ဓဟူးနေ့မှာ တွစ်တာကနေ ရေးပါတယ်။

အခုလို တူရကီတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အရပ်သားငါးဦး အပါအဝင် လူရှစ်ဦး သေဆုံးတယ်လို့ ကာ့ဒ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly