တိုက်စစ်ဦးစားပေးကစားသွားမည် ဟု မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ်ပြော

တိုက်စစ်ဦးစားပေးကစားသွားမည် ဟု မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ်ပြော
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်နေ့က မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။ ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာလ ၉ ။          ။ ကာဂျစ်စတန်အသင်းနှင့်ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အသင်းအနေဖြင့် တိုက်စစ်ဦးစားပေး ကစားသွားမည် ဟု မြန်မာအသင်း၏ နည်းပြချုပ် မီရုဒရပ် ရာဂျူလိုဗစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကာဂျစ်စတန်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ပြိုင်ဖို့အချိန်ဆယ်ရက်ကျော်ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး တိုက်စစ်ကို ဦးစားပေးကစားသွားမှာပါ " ဟု မြန်မာအသင်း နည်းပြချုပ်မီရုဒရပ် ရာဂျူလိုဗစ်က ပြောသည်။

မြန်မာလက်ရွေးစင်အသင်းနှင့် ကာဂျစ်စတန်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းပွဲကို အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဘစ်ရှက်ခ်မြို့ရှိ The Palaza hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

" ကာဂျစ်စတန် အသင်းက အသင်းကောင်း တစ်သင်းပါ။ ပြီးခဲ့တဲ့ အာရှဖလားပွဲက သူတို့ရဲ့ခြေစွမ်းကို အနီးကပ်မြင်တွေခဲ့ရပြီး သူတို့ အနေနဲ့ ကံမကောင်းလို့သာ နောက်ဆုံးရှစ်သင်းစာရင်းကို မရောက်ခဲ့ တာပါ။ ကာဂျစ်စတန် အသင်းရဲ့ ကစားသမားတွေကလည်း ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ပါတယ် " ဟု ရာဂျူလိုဗစ် က ဆက်ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီအချိန်တွင် ကာဂျစ္စတန်နိုင်ငံ၊ဘစ်ရှက်ခ် မြို့တွင်ကျင်းပမည့် ကာဂျစ္စတန်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Official Broadcasting Partner ဖြစ်သည့် My Sports Facebook နှင့် မြန်မာ့ရုပ်မြင်သံကြား MRTV မှ ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလက်ရွေးစင်အသင်းသည် စက်တင်ဘာလ ၆ ရက်နေ့က ကမ္ဘာဖလားခြေစစ်ပွဲဒုတိယပွဲ အုပ်စု အဖွင့်ပွဲအဖြစ် မွန်ဂိုလီယားအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် (၀-၁) ဖြင့်ရုှံးနိမ့်ခဲ့ပြီး ၊ ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းသုဝဏ္ဏကွင်းတွင် အာရှအင်အားကြီးဂျပန်အသင်းကို လက်ခံကစားခဲ့ရာ (၀-၂) ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် အုပ်စု(စ)တွင် ၂ပွဲကစားပြီးချိန်အထိ ရမှတ် သုံးည ၊ ပေးဂိုး ၃ ဖြင့်အုပ်စု အောက်ဆုံးအဆင့်တွင် ရပ်တည်နေပြီး တာဂျစ်ကစ်စတန် အသင်းမှ ရမှတ် ၆ မှတ်ဖြင့် အုပ်စု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်အပြီးတွင် တာဂျစ်ကစ်စတန်အသင်းအား နိုဝင်ဘာလ ၁၄ ရက် နေ့တွင် မန္တလေးမြို့ ၊ မန္တလာသီရီအားကစားကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly