ရှင်ကျန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ နာမည်ပျက်စာရင်းသွင်းတာဟာ အခြေအမြစ်မဲ့လို့ တရုတ်ပြစ်တင်

ရှင်ကျန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ နာမည်ပျက်စာရင်းသွင်းတာဟာ အခြေအမြစ်မဲ့လို့ တရုတ်ပြစ်တင်

ပေကျင်း၊ အောက်တိုဘာ ၈ ။        ။ ရှင်ကျန်းဒေသမှာ မွတ်စလင်လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ် စွဲဆိုချက်နဲ့ အမေရိကန်ဟာ တရုတ် အဖွဲ့အစည်း ၂၈ ခုကို နာမည်ပျက်စာရှင်း သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အခြေအမြစ်မဲ့တဲ့ လုပ်ဆောင်ချက်ပဲလို့ အမေရိကန်ကို တရုတ်က အင်္ဂါနေ့မှာ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအတွင်း ဝီဂါမွတ်စလင် တိုင်းရင်းသားတွေကို လူမဆန်စွာ ဖိနှိပ်မှုကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောရင်း တရုတ်အဖွဲ့အစည်းတွေကို နာမည်ပျက်စာရင်း သွင်းတာကို အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဝီဘာရို့စ်က ကြေညာခဲ့တာပါ။

ဒါပေမယ့် အမေရိကန်ရဲ့ ခုလုပ်ရပ်ကို တရုတ်က လုံးလုံးမကျေမနပ်ဖြစ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ နိုင်ငံရဲ့ အနောက်ပိုင်းဒေသမှာ ၎င်းကျင့်သုံးတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ခုခံကာကွယ်ပြောပါတယ်။

ရှင်ကျန်းဒေသ မွတ်စလင်တွေကို အစွန်းရောက်မှု နှိမ်နင်းရေးအဖြစ် ပညာပေးရေး မူဝါဒတွေ ချမှတ်ဖော်ဆောင်နေတာလို့ တရုတ်နိုင်ငံက အစဉ်တစိုက် ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အနောက်အုပ်စုနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တရုတ်နိုင်ငံဟာ ဝီဂါမွတ်စလင် တစ်သန်းကျော်ကို ပညာပေးရေးစခန်းတွေလို့ ၎င်းတို့ပြောဆိုထားတဲ့ စင်တာတွေမှာ ပိတ်လှောင်ထားတာဖြစ်တယ်လို့ ပြောဆိုနေတာပဲ ဖြစ်ပါတယ်။

“ကုလသမဂ္ဂက ပြောနေသလို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာမျိုးတွေ မရှိဘူး။ ဒီစွပ်စွဲချက်တွေဟာ အမေရိကန်ရဲ့ တရုတ်ပြည်တွင်းရေးကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စွက်ဖက်တာကို ဆင်ခြေပေးတာထက် မပိုဘူး။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်ရှောင်းက ပြောခဲ့ပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly