တပ်မတော်မှ ပုဒ်မ ၅၀၀ဖြင့် တရားစွဲဆိုထားသော စာရေးဆရာ မာန် (တောင်လုံးပြန်)ကို ရုံးထုတ်

တပ်မတော်မှ ပုဒ်မ ၅၀၀ဖြင့် တရားစွဲဆိုထားသော စာရေးဆရာ မာန် (တောင်လုံးပြန်)ကို ရုံးထုတ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ (၈)  ။           ။ တပ်မတော်မှပုဒ်မ ၅၀၀ဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာမာန် (တောင်လုံးပြန်)ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြိတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ ဒုဗိုလ်မှူးကြီးကို စစ်ဆေးခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယခုနှစ် မေလ ၉ ရက်က ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲ၌ စာရေးဆရာ မာန် (တောင်လုံးပြန်)၏ ဟောပြောချက်များသည် တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေသည်ဟုဆိုကာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ မြိတ်မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“တပ်မတော်က ဥပဒေအရ တရားစွဲတာက စွဲပိုင်ခွင့်ရှိပါတယ်၊ ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ဘက်က ဟောပြောချက်တွေက ဂုဏ်သိက္ခာထိခိုက်အောင် ပြောနေတာမဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့ သဘောရိုးနဲ့သာ ပြောတာပါ။ နစ်နာစေရန် အကြံလည်း မရှိဘူး။ တပ်မတော်ကို ဖြိုခွဲဖွဲ့လည်း မရည်ရွယ်ပါဘူး။ သဘောရိုးနဲ့သာ ဟောပြောခဲ့ခြင်း ဖြစ်တယ်”ဟု စာရေးဆရာ မာန် (တောင်လုံးပြန်) ၏တရားလွှတ်တော်ရှေ့နေ ဦးလွင်အောင်က ပြောသည်။

အဆိုပါ ရုံးချိန်မှာ ၅ ကြိမ်မြောက်ဖြစ်ပြီး စာရေးဆရာမာန် (တောင်လုံးပြန်) သည် စက်တင်ဘာလ ၂၄ ရက်နှင့် အောက်တိုဘာလ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ရုံးချိန် နှစ်ကြိမ်သာ တက်ရောက်ခဲ့ကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသန့်ဇင်ဦးက ဆိုသည်။

“ကျွန်တော်တို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားတာရှိပါတယ်။ ဘယ်လိုမျိုးလည်း ဆိုတော့ ဟောပြောပွဲတစ်ခုမှာ အချက် ၂ ချက်နဲ့ပါ။ ပထမတစ်ချက်က စစ်စိုးရလက်ထက်မှာ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတယ်၊ နောက်ပြီး စစ်အစိုးရ နှစ်နှစ်ဆယ်အုပ်ချုပ်ပြီးတော့မှ တိုင်းပြည်က ရစရာ မရှိတော့တာကို သူတို့က ထားစရာမရှိအောင် ချမ်းသာ သွားကြတယ်။ တိုင်းပြည်ဟာ ဘာမှ လုပ်လို့ မရတော့ စုတ်ပြတ်သွားတယ် ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ်၊ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ စစ်သည်တွေအနေနဲ့ တပ်မတော်အပေါ်မှာ လေးစားမှုကျစေတယ်။ ပြည်သူတွေ အထင်မြင်လွဲမှား စေတယ်” ဟု  ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။
အဆိုပါအမှုအတွက် နောက်ထပ်ရုံးချိန်ကို လာမည့်အောက်တိုဘာလ ၂၂ ရက်ကို ချိန်ဆိုခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly