လက်နက်ကြီးကျည်စထိမှန်သည့် မီးဝကျောင်းထိုင်ဆရာတော် ကျန်းမာရေးကောင်းမွန်နေပြီဟုဆို

By နောင်နောင်
08 October 2019
လက်နက်ကြီးကျည်စထိမှန်သည့် မီးဝကျောင်းထိုင်ဆရာတော် ကျန်းမာရေးကောင်းမွန်နေပြီဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၈။         ။ လက်နက်ကြီးကျည်စထိမှန်ပြီး ရန်ကုန်ဆေးရုံကြီးတွင်အရေးပေါ်ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ ကျောင်းထိုင်ဆရာတော် ကြီးသည် လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်ပြီး ပုံမှန်ဆွမ်းသုံးနေနိုင်ပြီဟု ဆရာတော်ကြီးအား အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသူ ဦးမောင်အေးသိန်းက မဇ္စျိမသို့ပြောသည်။

“လက်ရှိအခြေနေကကောင်းတယ်။ ရင်ဘတ်ကအစကိုတော့ မထုတ်တော့ဘူးလို့ ပြောတယ်။ ဒီအတိုင်း ထားရင်လဲသက်တမ်းစေ့နေလို့ ရတယ်တဲ့။ စိုးရိမ်ရတဲ့ အနေအထားမှာမရှိတော့ဘူး။ ပုံမှန်ဆွမ်းသုံး နေနိုင်ပြီ။”ဟုဦးမောင်အေးသိန်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းကမီးဝကျေးရွာအနီးတွင်ရှိသည့် တပ်မတော် ရေတပ် တစ်ခုကလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မီးဝကျေးရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ လက်နက်ကြီးကျည်ထိမှန်ပြီး ကျောင်းထိုင်ဆရာတော်ကြီးနှင့် ကိုရင်တစ်ပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ရွာသား ၃ ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးဝကျေးရွာသားများကပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီးတွင် ရင်ဘတ်နှင့် တံတောင်ဆစ်တွင် လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ပို့ဆောင်ကာ ဆေးကုသ မှု ခံယူခဲ့ရခြင်းဖြစ်သည်။ ကိုရင်တစ်ပါးမှာမူစစ်တွေပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ် ရသည့် အနေအထားမရှိသော်လည်း အစာပုံမှန် မစားနိုင်သေးကြောင်းသိရသည်။

ဆရာတော်ကြီး၏ လက်တံတောင်ဆစ်နားတွင် ထိမှန်ခဲ့သောလက်နက်ကြီးကျည်စသည် အာရုံကြောကို ထိခိုက် နိုင်ဖွယ်ရှိနေသောကြောင့် အောက်တိုဘာလ ၉ ရက်နေ့တွင် ခွဲစိတ်ကုသမှုပြုလုပ်မည်ဖြစ်ကြောင်း ဦးမောင်အေးသိန်း ကဆက်ပြောသည်။

“ဘယ်ဖက်လက်တံတောင်ဆစ်နားမှာထိတာကတော့ အာရုံကြောကိုနည်းနည်းစိုးရိမ်ရတယ်လို့ ပြောတယ်။ အဲဒါကိုမနက်ဖြန်ထုတ်မယ်။” ဟု၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများေကြာင့် သေဆုံးသူ ၉၀ နီးပါးရှိနေပြီးထိခိုက်ဒဏ်ရာရသူ ၁၃၀ ခန့် နေပြီဖြစ်ကြောင်း ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly