AA လက်နက်ကိုင်အဖွဲ့ဝင်များနှင့် အတူ ဖမ်းဆီးရမိခဲ့သည့်သူ ခြောက်ဦးကို ရုံးထုတ်

AA လက်နက်ကိုင်အဖွဲ့ဝင်များနှင့် အတူ ဖမ်းဆီးရမိခဲ့သည့်သူ ခြောက်ဦးကို ရုံးထုတ်

မန္တလေး ၊ အောက်တိုဘာ ၈ ။         ။ AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် အတူဖမ်းဆီးရမိခဲ့သူ ခြောက်ဦးကို မန္တလေးခရိုင်တရားရုံးတွင် အောက်တိုဘာလ ၈ ရက် မွန်းလွဲပိုင်းက ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်ကမန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ခွဲဖျက်ဆီး ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ဖမ်းဆီးရရှိခဲ့ပြီး နောက်ထပ် ဆက် စပ်သူနှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ထပ်မံ ဖမ်းဆီးရန် (၃) ဦးကျန်ရှိနေရာ ၎င်းတို့ကို တရားခံပြေးများအဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

တရားရုံးစွဲတင်သည့် ဖမ်းဆီးရမိသူများမှာ AA တပ်ဖွဲ့မှ ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ကြောင်း မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောသည်။

တရားခံပြေးသုံးဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင် တရားရုံး၏ ရာဇဝတ် အထွေထွေအမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံထားကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲတင်ခြင်းဖြစ်သည် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly