ကုလသမဂ္ဂအဖွဲ့ကြီး ယခုလကုန်တွင် ဘဏ္ဍာငွေ ပြတ်တောက်သွားနိုင်ဟု အတွင်းရေးမှူးချုပ် ပြောဆို

ကုလသမဂ္ဂအဖွဲ့ကြီး ယခုလကုန်တွင် ဘဏ္ဍာငွေ ပြတ်တောက်သွားနိုင်ဟု အတွင်းရေးမှူးချုပ် ပြောဆို
United Nations Secretary General Antonio Guterres has warned that the global body is in dire financial straits. (Photo: AFP/Don Emmert)

အောက်တိုဘာ ၈ ။           ။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်ရှိမှာ ကန်ဒေါ်လာ သန်း ၂၃၀ လိုငွေတစ်ရပ် ပြနေမှုနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပြီး အောက်တိုဘာလကုန်တွင် ဘဏ္ဍာငွေ ပြတ်တောက်သွားကောင်း သွားနိုင်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၇ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ရုံးက ဝန်ထမ်း ၃၇,၀၀၀ ထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ဂူတာရက်စ်က ဝန်ထမ်းလစာတွေ၊ အခြား ခံစားပိုင်ခွင့်တွေကို ပေးချေပေးနိုင်ဖို့အတွက် ထပ်တိုး အရေးပေါ် လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုနေကြောင်း ရေးသားထားခဲ့ပါတယ်။

“ အဖွဲ့ဝင်နိုင်ငံတွေဘက်က ၂၀၁၉ ခုနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ ပုံမှန် ဘတ်ဂျက်လည်ပတ်မှုတွေအတွက် လိုအပ်တဲ့ စုစုပေါင်း ဘဏ္ဍာငွေ ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကိုပဲ ပေးရပါသေးတယ်၊ ဒီလိုဆိုတော့ စက်တင်ဘာလကုန်မှာ ကန်ဒေါ်လာ သန်း ၂၃၀ လောက် လိုငွေပြမှုနဲ့ ကြုံနေရပါတယ်၊ ဒီတော့ ခုလကုန်မှာလည်း ကျွန်တော်တို့ရဲ့ အရံသုံးဖို့ ထားတဲ့ ငွေတွေပါ ပြတ်တောက်မယ့် အရေးနဲ့ ကြုံနေရပါတယ်” လို့ ဂူတာရက်စ်က ယင်းစာထဲမှာ ရေးထားပါတယ်။

ကုန်ကျစရိတ်တွေ လျှော့ချဖို့အတွက် ညီလာခံတွေ၊ အစည်းအဝေးတွေ ရွှေ့ဆိုင်းခြင်း၊ ဝန်ဆောင်မှုတွေ လျှော့ချခြင်း စတာကိုလည်း လုပ်ဆောင်နေကြောင်း ဂူတာရက်စ်က ပြောသွားခဲ့ပါတယ်။ အလားတူ အမှုထမ်းတွေကိုလည်း မသွားမဖြစ် သွားရမယ့် ခရီးစဉ်တွေမှအပ အခြား ခရီးသွားခြင်းမျိုးတွေကို ကန့်သတ်နေသလို စွမ်းအင် သုံးစွဲမှု သက်သာစေမယ့် လုပ်ဆောင်ချက်တွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။

ဘဏ္ဍာငွေ စီးထွက်မှု ပြဿနာတွေကို ပြေလည်စေဖို့အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးဆီ ထည့်ရမယ့် ဘဏ္ဍာငွေတွေ ထည့်ဝင်ကြဖို့ အတွက် ကုလသမဂ္ဂ အကြီးအကဲက အဖွဲ့ဝင်နိုင်ငံတွေကို ယခုနှစ် အစောပိုင်းက တိုက်တွန်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ယင်းတိုက်တွန်းချက်ကို အဖွဲ့ဝင်နိုင်ငံတွေက ငြင်းဆန်ထားခဲ့ကြတယ်လို့လည်း အမည်မဖော်လိုသူ ကုလ အရာရှိတစ်ဦးက ပြောသွားပါတယ်။

“ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး အင်အား အခြေအနေအတွက် အဓိက တာဝန်ရှိတာကတော့ အဖွဲ့ဝင်နိုင်ငံတွေပဲဖြစ်ပါတယ်” လို့ ဂူတာရက်စ်က ပြောသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly