ရေကျော်ပွဲစျေး လုံခြံမှု CCTV ကင်မရာ ၇၀ ကျော်ဖြင့် စောင့်ကြည့်မည်

By ဆုမြတ်မေဇော်
08 October 2019
ရေကျော်ပွဲစျေး လုံခြံမှု CCTV ကင်မရာ ၇၀ ကျော်ဖြင့် စောင့်ကြည့်မည်
ပုံစာ- ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သော ရေကျော်ပွဲစျေး ဓာတ်ပုံ - သူရ ( မဇ္ဈိမ )

ရန်ကုန် ၊ အောက်တိုဘာ ၈ ။        ။ ပုစွန်တောင် ရေကျော်ပွဲစျေး ကျင်းပနေစဉ်အတွင်း လာရောက်လည်ပတ်သူများ လုံခြုံမှုရှိစေရန် ပွဲစျေးကျင်းပရာ လမ်း တစ်လျှောက်အား CCTV ကင်မရာ အလုံး ၇၀ ကျော်ဖြင့် စောင့်ကြည့်သွားမည်ဟု ပုစွန်တောင်မြို့နယ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဆိုသည်။

“သီတင်းကျွတ်ပွဲတော် မတိုင်ခင်မှာလည်း CCTVတွေ တပ်ဆင်ထားတယ်။သီတင်းကျွတ်ပွဲတော်အတွင်းမှာလည်း ပျက်နေတဲ့ CCTVတွေပြင်၊ လိုအပ်တဲ့နေရာတွေမှာ ထပ်တိုးပြီးတော့ အဓိကကျတဲ့နေရာတွေမှာ CCTVတွေ ထပ်တိုးထားပါတယ်" ဟု ဦးအောင်နိုင်က ဆိုသည်။

ယင်းအပြင် ပွဲစျေးအတွင်း၌ ခိုက်ရန်ဖြစ်ပွားသူများ ၊ ခါးပိုက်နှိုက်များအား စောင့်ကြည့်မည့် ရပ်ကွက်လုံခြုံရေး ဝန်ထမ်းများကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စုစုပေါင်း လူအင်အား ၁၀၀ ကျော်ဖြင့်  လုံခြုံရေး ပေးသွားမည်ဟု သိရှိရသည်။

ရေကျော်ပွဲစျေးကျင်းပခဲ့သည့် ကာလအတွင်း၌ ကြီးကြီးမားမား ပြဿနာများ ကြုံတွေ့ခဲ့ရခြင်းများ မရှိသော်လည်း ပွဲစျေးလာရောက်လည်ပတ်သူများသည် ခါးပိုက်နှိုက်အန္တရာယ်ဖြင့် ကြံုတွေ့ရလေ့ရှိသည်။

“ပွဲစျေးလာမယ့်အချိန်မှာ လူက မတရားကျပ်တော့ ယူလာတဲ့ ဖုန်း၊ ပိုက်ဆံအိတ်တွေကို ရှေ့မှာပဲထားပါ။ နောက်မှာ ကျောပိုးအိတ်တွေလည်း မထားပါနဲ့။ ခါးပိုက်နှိုက်က အန္တရာယ်ရှိလို့ပါ” ဟု ဦးအောင်နိုင်က ပြောသည်။

သီတင်းကျွတ်ရေကျော်ပွဲစျေးကို ပုဇွန်တောင်မြို့ နယ် ရေကျော်လမ်းနှင့် ဗိုလ်ချုပ်လမ်း အမှတ်(၉)ရပ်ကွက်ကို ဗဟိုပြုပြီး သိမ်ဖြူလမ်းထိပ်မှ လမ်း(၅၀) ဗိုလ်ချုပ်လမ်းမတစ်လျှောက် ကျင်းပခြင်းဖြစ်သည်။

ယခုနှစ်ပွဲစျေးကို လာမည့် အောက်တိုဘာ ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်အထိ ပါဝင်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly