သိမ်းဆည်မြေယာများပြန်ပေးရာတွင် တန်ဖိုးရှိသည့်မြို့မြေယာများကို ပြန်လည်ပေးအပ်ခဲ့သည်ဟု ရန်ကုန် ဝန်ကြီးချုပ်ပြော

သိမ်းဆည်မြေယာများပြန်ပေးရာတွင် တန်ဖိုးရှိသည့်မြို့မြေယာများကို ပြန်လည်ပေးအပ်ခဲ့သည်ဟု ရန်ကုန် ဝန်ကြီးချုပ်ပြော
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာလ ၈ ။       ။ ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှသိမ်းဆည်းထားသည့် မြေယာ ဧက ၁၅၀၀ ကျော်ထဲမှ ၂၀ ရာခိုင်နှုန်းကို မူလမြေပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရာတွင် လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းမဟုတ်ဘဲ မြို့ပြမြေ၊ တန်ဖိုးရှိသည့်မြေယာများ ပြန်လည်ပေးအပ်ခြင်းဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

" ကျွန်တော်တို့ပြည်သူတွေကို တန်ဖိုးရှိတဲ့မြို့မြေ ၂၀ ရာခိုင်နှုန်းကို ပြန်ပေးလိုက်တာဖြစ်ပါတယ်။ ကျန်တဲ့ ၈၀ရာခိုင်နှုန်းကို ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူလူထုရဲ့ ပိုင်ဆိုင်တဲ့ငွေကြေးတွေ အဖြစ်နဲ့ ရှေ့ဆက်ပြီး ရန်ကုန်မြို့တော်ကြီးကို ဖွံ့ဖြိုးတိုးတတ်အောင် ဆောင်ရွက်သွားကြမှဖြစ်ပါတယ်။ မြစ်အနောက်ဘက်ကမ်းမှရှိတဲ့  ပြည်သူတွေဟာ ကိုယ့်ရဲ့ဘဝကိုတိုးတက်သွားစေနိုင်ဖို့ မြို့ပြမြေ ၂၀ ရာခိုင်နှုန်းအပြင် မြို့တော်ကြီးတည်ဆောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများ အဖြင်နဲ့ ရပ်တည်ပြီး ကျွန်တော်တို့မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်အားလုံး အတူတကွဝိုင်းဝန်းကြိုးပန်းကြပါ "  ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

အဆိုပါမြေများပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့နံနက် ပိုင်းအချိန်က ကြည့်မြင်တိုင်မြို့နယ် ဘလုပ်ညွှန့်ရပ်ကွက်ရှိ ခါတော်မီ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

" ကြည့်မြင်တိုင် တစ်ဘက်ကမ်း ဒီဘက်ကမ်းက  ဖွံ့ဖြိုးတိုးတက်မှုက အလွန်အင်မတန် အားနည်းပါတယ်။ အထပ်မြင့်အဆောက်အဦးတစ်ခုက ကြည့်မယ်ဆို ရန်ကုန်မြစ်ရဲ့အနောက်ဖက်ခြမ်းက ပြန့်ပြူးနေတဲ့ မြေပြင်ကြီး အလွတ်ကြီးကို တွေ့ရမှဖြစ်ပါတယ်။ ဒါက မြို့ပြရဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ဒီမြေတွေကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် ရန်ကုန်မြို့ဟာ တကယ့်ကို နိုင်ငံတကာ အဆင်အတန်းမီ ဖွံ့ဖြိုးတိုးတက်မှု ကိုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီမြေကိုစနစ်တကျစီမံခန့်ခွဲ ဖို့ပဲလိုပါတယ် " ဟု ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ ( New Yangon Development Company )(NYDC)  မှဖော်ဆော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ ကြည့်မြင်တိုင်မြို့နယ်အတွင်း တည်ရှိပြီး စီမံကိန်းကို အဆင့်နှစ်ခုခွဲခြားထားသည့်ဟု သတင်းများအရသိရသည်။ ပထမအဆင့်တွင် သိမ်းဆည်းခံမြေယာလျော်ကြးများနှင့် မြေယာအစားထိုးများ ပြန်လည်ပေးအပ်မည် ဖြစ်ပြီး ဒုတိယအဆင့်အတွင် အခြေခံအဆောက်အအုံများကို စတင်ဆောက်လုပ်သွားမည်ဟု သိရသည်။

"တောင်းဆိုတာပါ။ ဝန်ကြီးချုပ်ပေးတာမဟုတ်ဘူး။ ကျွန်တော်တို့က ဝန်ကြီးချုပ်ကို ၂၀ရာခိုင်နှုန်းတော့ ပြန်ပေးပါ။ ၈၀ရခိုင်နှုန်းကတော့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ ။ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဝန်ကြီးချုပ်ကို လည်း အကူညီတောင်းတယ်။အခုနောက်အစိုးရတက်လာတဲ့ ဝန်ကြီးချုပ်ကိုလည်း အကူညီတောင်းတဲ့ အခါကျတော့ အဲဒါဆိုရင် လယ်သမားတွေဆီက အဆင်ပြေမလား။ပြေတယ်အကုန်လုံး လယ်လုပ်စားလို့ မရတော့ဘူး။ အဲတော့အကူညီတောင်းတယ် ။ သူက လုပ်ပေးတယ်" မြေဧက၂၀ အသိမ်းခံခဲ့ရပြီးနောက် အစိုးရမှ ၄ဧက ပြန်လည်ရရှိခဲ့သည့် ဝါးရုံစိတ်ကျေးရွာမှ ဒေသခံ ဦးခင်ဇော် က မဇ္စျိမသတင်းဌာနကို ပြောသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊လှိုင်သာယာ နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly