ဟောင်ကောင်အရေးကို လူသားဆန်စွာ ဖြေရှင်းရန် ထရမ့် တိုက်တွန်း

ဟောင်ကောင်အရေးကို လူသားဆန်စွာ ဖြေရှင်းရန် ထရမ့် တိုက်တွန်း

ဟောင်ကောင်၊ အောက်တိုဘာ ၈ ။        ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟောင်ကောင်အရေးကို လူသားဆန်စွာ ဖြေရှင်းရန် တနင်္လာနေ့က ပြောဆိုတိုက်တွန်းလိုက်ပေမယ့် တရုတ်အာဏာပိုင်တွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆန္ဒပြအင်အားဟာ အရင်ကထက် နည်းပါးလာတယ်လို့ မှတ်ချက်ပြုပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ လူသားဆန်ဆန် ဖြေရှင်းမှုကိုပဲ မြင်လိုတွေ့လိုတယ်။ ငြိမ်းချမ်းတဲ့ လမ်းကို လိုက်နာကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ဟောင်ကောင်ဆန္ဒပြမှုတွေမှာ အမေရိကန်အလံလွှင့်တင်တာတွေ ရှိတာကိုလည်း ထရမ့်က တခုတ်တရ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ကွန်မြူနစ် အုပ်စိုးမှုကို ဆန့်ကျင်တဲ့ မကြုံစဖူး ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ထောက်ခံကြောင်းကို ဖော်ပြခြင်းမျိုးတော့ ထရမ့်က လက်ရှောင်ခဲ့ပါတယ်။

“ကျွန်တော် လူနှစ်သန်းလောက် ဆန္ဒပြတာကို ဟောင်ကောင်မှာပဲ မြင်တွေ့ခွင့်ရတယ်။ အရင်က တစ်ခါမှ ဒီလို အင်အားမျိုး ဆန္ဒပွဲတွေမှာ မမြင်မတွေ့ဖူးဘူး။ ခုတော့ ဆန္ဒပြ လူအင်အားက နည်းသွားပြီ။”လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဟောင်ကောင်မှာ အစိုးရက တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေ အတည်ပြုဖို့ လုပ်ဆောင်လာတာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတော့တာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေကို အစိုးရက ဖျက်သိမ်းပေမယ့် ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ မငြိမ်းနိုင်တော့ဘဲ လေးလကျော်ကြာ အရှိန်မြင့် ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly