ရန်ကုန်တိုင်းအစိုးရမှ ထုတ်ရောင်းသည့်မြေကွက်များ အာမခံချက်အပြည့်အဝရှိဟုမြို့တော်၀န်ဆို

ရန်ကုန်တိုင်းအစိုးရမှ ထုတ်ရောင်းသည့်မြေကွက်များ အာမခံချက်အပြည့်အဝရှိဟုမြို့တော်၀န်ဆို

ရန်ကုန်၊ အောက်တိုဘာလ ၇ ။       ။  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး ၊ စက်မူလုပ်ငန်းနှင့် လူနေထိုင်ရန်အတွက် မြေအသုံးပြုခွင့်များ ရောင်းချရာတွင် အာမခံအပြည်အဝ ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာများကို ပြောသည်။

" အခုမြေရောင်းတယ်ဆိုတာ YCDC တစ်ယောက်ထဲရောင်းတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရလည်းပါတယ်။အကုန်လုံးစုပြီး မြေရောင်းမယ့် ကော်မတီ ဖွဲ့ပြီး၊ ရန်ကုန်တိုင်းအစိုးရက မြေရောင်းမယ့် ကော်မတီဖွဲ့ပြီးတော့မှ ကြေညာပြီးတော့မှ သေချာရောင်းတာပါ။ တစ်ခုက လူနေဖို့ ၄၀၊၆၀ နဲ့ရောင်းတယ်။ နောက်တစ်ခုက စက်မူလုပ်ငန်းသုံး အတွက်ပါ။ ဒီဟာတွေကအပိုင်းလိုက်ရောင်းသွားမှပါ။ လူထုကို ကျွန်တော် တို့လက်ထက်မှာ ရောင်းနိုင်ခွင့်ရှိတုန်း ရောင်းပေးတာပါ။ အမြတ်အတွက်ကြောင့်မဟုတ်ဘူး။ မရသေးတဲ့ လူတွေ အိမ်ဆောက်ချင်တဲ့လူတွေ သူတို့ဘဝအတွက် ရည်ရွယ်ပြီးရောင်းတာပါ။ ဒါသည် တစ်ဦးတစ်ယောက် ထဲနဲ့ မဟုတ်ပါဘူး။ အစိုးရအဖွဲ့အစည်း ကရောင်းတဲ့အတွက်ကြောင့်အာမခံချက်ရှိပါတယ် " ဟု ရန်ကုန် စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သော ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာများကို ဖြေကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့တော်ခန်းမတွင် သတင်းမီဒီယာများ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသန့် တို့က သတင်းမီဒီယာများကိုဖြေကြားခဲ့သည်။

" ပထအဆင့်အနေနဲ့ရောင်းချဖို့မြေကွက်ပေါင်း ၅၀၀ကျော် လောက်ရွေးချယ်ထားပါတယ်။ မြေကွက်အသစ်တွေ ဖော်ထုတ်ထားတဲ့ မြေကွက်တွေမဟုတ်ပါဘူး။ မြို့သစ်တွေ ယခင်ကာလက ဖော်ထုတ်ခဲ့ပါတယ်။ ဒဂုံ၄မြို့နယ်၊ လှိုင်သာယာ၊ရွှေပြည်သာ တို့ကိုမြို့ပြစီမံကိန်းမြေအြဖစ်သတ်မှတ်ခဲ့တာပါ။ ယနေ့အချိန်ထိ မြို့ပြစီမံကိန်း လူနေ အဆောက်အအုံ အကောင်အထည်မဖော်နိုင်သေးတာကြောင့် ကျန်ရှိနေသည့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေ များဖြစ်ပါတယ်။ အဲဒီမြေတွေကို ပြန်လည်ပြီးရောင်းချဖို့ စီစဉ်ခြင်း ဖြစ်ပါတယ် " ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဖြစ်သော ဦးသန့် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး၊ စက်မူလုပ်ငန်း နှင့်လူနေထိုင်ရန်အတွက် မြေအသုံးပြုခွင့်များကို သတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ လျှောက် လွှာများကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်လျှောက်ထားခွင့်ရှိကြောင်း မြေစီမံခန့်ခွဲရေးကော်မတီ ရဲ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်လျှောက်ထားခွင့်ရှိသည့် ဖြစ်ကာ စိတ်ပါဝင်စားသူတိုင်း မြေအသုံးပြုခွင့် လျှောက်လွှာကိုဝယ်ယူတင်သွင်နိုင်မည်ဖြစ်ကာ မြေအသုံးပြုခွင့်လျှောက်လွှာတင်သွင်းမည့် လူပုဂ္ဂိုလ်၏
မှတ်ပုံတင်မူရင်း၊မိတ္ထူတို့ကို တင်ပြကာ လျှောက်လွှာပုံစံကို ရန်ကန်အရှေပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ စုပေါင်းရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ရောင်းချမည့်မြေများမှာ အရှေ့ဒဂုံ ၊ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင် နှင့်ဒဂုံမြောက်၊ လှိုင်သာယာ ၊ ရွှေပြည်သာမြို့နယ် တို့မှ အစိုးရပိုင်မြေယာများ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ဇူလိုင်လအတွင်းက ပြုလုပ်သည့် ရင်းနှီးမြုှပ်မှုအစည်းဝေးတွင် အစိုးရပိုင်သည့် ဧကထောင်ချီသည့် မြေယာ များကို ထုတ်ရောင်းချသွားရန် ရှိကြောင်း ပြည်တွင်း မီဒီယာများကို အသိပေးပြောကြားထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly