လော်စပီကာရာသီ

မြန်မာနိုင်ငံမှာ ၁၂ လရာသီပွဲတော်တွေရှိတာ အာလုံးအသိပင်ဖြစ်ပါတယ် ။ မကြာခင်မှာတော့ သီတင်းကျွတ်ပွဲတော်ရာသီ၊ ပြီးလျင် တန်ဆောင်တိုင် ပွဲတော်ရာသီ ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီ ၁၂ လ လုံးလုံးရှိတဲ့ ဘယ်ပွဲ မဆို ၊ မဖြစ်မနေ သို့မဟုတ် ပါကိုပါရမယ့် အဆောင်အယောင်လို့ခေါ်မလား ၊ မပါမဖြစ်ပစ္စည်းလို့ခေါ်လေမလား ၊ ဘယ်လိုပဲခေါ်ခေါ် အဲဒါကတော့ မြန်မာမှုပြုထားတဲ့ လော်စပီကာ ပဲဖြစ်ပါတယ် ။ လောက် Loud = ကျယ် လောင်သော၊ စပီကာ = speaker =အသံထုတ်ကရိယာ ဆိုတာ မူရင်း အဓိပ္ပာယ်ပဲဖြစ်ပါတယ် ။  ဒီနေ့ ဒီခေတ် မှာ  ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ထူးခြားနေမှုလို့ပဲခေါ်မလား ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ကြည့်ရင် ၊ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ်မှာ ကမ္ဘာပေါ်မှာ လော်စပီကာ အများဆုံးနဲ့ အသံအကျယ်ဆုံး ထုတ်လွှင့်ကာ တစ်ဖက် နိုင်ငံက ပြည်သူတွေကြားရအောင် စည်းရုံးဆွဲဆောင်နေတာပြီးရင် မြန်မာနိုင်ငံက ဒုတိယနေရာမှာရှိနေတယ်လို့ ပြောရင် ဒီအချိန်မှာ မှန်ပါလိမ့်မယ် ဖြစ်ပါတယ်။

စပီကာမှာ ဟွန်းစပီကာ( Horn speaker ) ရှိသလို ၊ ဘောက်စ်စပီကာ( Box speaker ) လည်းရှိပါတယ် ။ကျွန် တော် နေ့စဉ်တွေ့နေ မြင်နေရတာတွေကတော့ Box speaker မျိုးဖြစ်တဲ့ မြန်မာအခေါ်Sound Box တွေ ရှစ်လုံး မှ အလုံး ၃၀ အထိတင်ပြီး ၊ နောက်ဆုံးပေါ် အသံဝါးမသွားအောင် ညှိယူတဲ့ အသံညှိကရိယာ Equalizer ကြီး တွေနဲ့ ၊ အရမ်းမြူးကြွတဲ့သီချင်းတွေဖွင့်လို့  ကြားရသူတွေ ၊ ရင်တုန် ရင်ခုန် နားစည်ကွဲမတတ် ခံစားလိုက်ရတာ ပဲ ဖြစ်ပါတယ် ။ ဘယ်လောက်ထိ ကြောက်စရာကောင်းလည်းဆိုရင် အဲဒီလိုနေရာမျိုးမှာ  ကျွန်တော် သီချင်း တစ်ပုဒ် ဆုံးအောင်မနေနိုင်ပေမယ့် ၊ အဲဒီအနားမှာ ခုန်ပေါက် က နေတဲ့သူတွေ ၊ စက်ဖွင့်တဲ့သူတွေကိုတော့ ကျနော် လက်ဖျားခါလောက်အောင် အံ့ဩမိပါတယ် ။ သူတို့ရဲ့အကြားအာရုံ ၊ ထိုမှတစ်ဆင့် ဦးနှောက်နဲ့ အာရုံ ကြော ၊ ထိုမှတစ်ခါ သူ့ရဲ့အတွေးအခေါ်တွေ ၊ အတွေးအမြင် သိမှု စွမ်းပကားတွေ အတွက်ရင်လေးမိပါတယ် ။ ဒီထက်ပိုဆိုးရွားတာကတော့ မွေးကင်းစကလေးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေအတွက် ကျနော် ရင်လေးစိုးရိမ်နေမိပါတယ် ။

ကျနော် စဉ်းစားနေတာရှိပါတယ်  ။ ကျနော်ဟာ ဘဝတစ်လျောက် ၂၃ နှစ်တောင် အပြင်လောကမှာမနေခဲ့ ရတော့ ၊ ဒါမျိုးတွေ မကြုံခဲ့ဘူးတော့ ကျနော့ရဲ့နားစည်ကပဲ သူများထက် ပိုပြီးနုနေလို့ မခံနိုင်တာပဲလား ၊  ကျွန်တော့ရင်ဘတ်ကလည်း သူများတွေထက် ခံနိုင်ရည်မရှိတာဘဲလား ( သို့မဟုတ် ) အခြားရောဂါတစ်ခုခုရှိနေ လို့များလား ဆိုတာပေါ့ ။ ပြင်ပလောကကိုရောက်ပြီး လအနည်းငယ်အကြာ ၊ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က လုပ်တဲ့ ၊ တော်ဝင်နှင်းဆီက ပွဲတစ်ပွဲကို တက်ရောက်ပါတယ် ။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ စကားပြောလို့ အပြီးမှာ တော့ စင်မြင့်တေးဂီတပွဲနဲ့ အခမ်းအနားတက်ရောက်တဲ့သူတွေကို ဧည့်ခံပါတယ် ၊ မှတ်မှတ်ရရ အိမ့်ချစ် သီချင်း ဆိုတာပါ ။ ကိုယ်ကရှေ့ဆုံးတန်း ကိုယ်နဲ့ ၅ မီတာအကွာမှာဆိုတော့ တကယ့်နီးနီးလေးပါပဲ ။ သူ့အဖေ သီချင်း တွေ ပြန်ဆိုတော့ ကျွန်တော်လည်း သဘောကျတာပေါ့ ။ သိတ်မကြာလိုက်ဘူး နှစ်ပုဒ်လောက်ပဲနားထောင်နိုင် တယ် ၊ Speaker Box က ထွက်တဲ့ အသံလှိုင်းကို ကျွန်တော်  မခံနိုင်တော့ပါဘူး ၊ ကျွန်‌တော့  လိုများတစ်ခြားသူတွေ ဖြစ်မလားဆိုပြီးလေ့လာ ကြည့်တော့ ၊ ပတ်ဝန်းကျင်အခြေအနေက သိပ်ပြီးထူးခြားတာမတွေ့ရပါဘူး ။ချက်ချင်း ပဲ ကျနော်နှုတ်ဆက်ပြီး ပြန်ပါတော့တယ် ။

နောက်တစ်ခါ အခမ်းအနားတစ်ခုကို ၊ ည ၇ နာရီကနေ ၁၁ နာရီထိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာကျင်းပတာကို ကျွန်တော် တက်ရောက်အားပေးခဲ့ပါတယ် ။ အခမ်းအနားရဲ့ နောက်ပိုင်းမှာတော့ တေးဂီတနဲ့ဖျော်ဖြေပါတယ် ။ ပထမတော့ ကျနော်က နောက်ဆုံးမှာပါ ၊ ကိုယ်ကလည်း လူငယ်တွေနဲ့အတူလာတဲ့အခါကျတော့ ၊တဖြေးဖြေး ရှေ့ကိုရောက်သွားပါတော့တယ် ။ သီချင်းတွေကလည်း မြူးကြွနေတော့ လူငယ်တွေကလည်းခုန်ပေါက် ကကြပါတော့တယ် ၊ အခမ်းအနားကိုလာရောက်တဲ့ နိုင်ငံခြားသားတွေလည်း ကခုန်ကြပါတယ် ။ သီချင်း ရှစ်ပုဒ်လောက်မှာ  ကျွန်တော့ နားက မခံနိုင်တော့ပါဘူး ၊ ကိုယ်တစ် ယောက်ထဲမခံနိုင်ဖြစ်နေတော့ ပြန်ဘို့ကလည်းအားနာတာနဲ့ ပါလာတဲ့ တစ်ရှုးစက္ကူအနုစားလေးကို သင့်သလောက် နားနှစ်ဖက်ကို ဆို့ထားလိုက်ပါတော့တယ် ။ ဒါလည်းပဲ တေးဂီတ တီးခတ်တဲ့အသံ သီချင်းဆိုသံတွေ က ကျယ်လောင်စွာကြားနေရဆဲပဲဖြစ်ပါတယ် ။ကျနော်တို့ခေတ်က  Play Boy တို့  LPJ တို့ Success စတဲ့တီးဝိုင်း တွေကို  ဝါသနာအရ    မကြာခဏ သွားကြည့်ဖြစ်ပါတယ် ။ ကျနော်တို့တုန်းက Rock သီချင်းတွေကိုနှစ်သက်ကြ ပါတယ် ။ကတာ ခုန်တာတွေကတော့ မရှိပါဘူး ၊ ဒီနေ့ဒီအချိန်အခါမှာတော့ တိုးတက်လာတဲ့ ခေတ်ရဲ့ရေစီး ကြောင်းအတိုင်း အသံစနစ်တွေ အရမ်းကောင်းလာတယ် ၊ အသံထိန်းချုပ်မှုတွေ အရမ်းတိုးတက်လာတယ်၊ အသံလိုင်းတွေကို တစ်လိုင်းချင်းစီ ခွဲထုတ်ပြီး လိုသလို လုပ်ဆောင်လို့    ရလာတယ် ။

ဒါပေမယ့် ဘာဖြစ်လို့ ကျနော်တို့နားတွေ မခံနိုင်အောင်ဖြစ်ကြတာလည်း ၊ ဘာဖြစ်လို့ကျနော်တို့ရဲ့ရင်ဘတ်တွေ မခံနိုင်အောင်ဖြစ်ကြတာလည်း ဆိုတာ ကျနော် အတတ်နိုင်ဆုံး သေသေချာချာလေ့လာကြည့်ပါတယ် ။ အဖြေ က ဘာသွားတွေ့သလည်းဆိုတော့ အသံစနစ်တွေကို ကောင်းကောင်းအသုံးမချနိုင်ခြင်း ၊ အဝေးပစ်အသံ ၊အနီး ပစ်အသံ တို့ကို စနစ်ကျစွာမချိန်ညှိနိုင်ခြင်း ၊ frequency modulation လှိုင်းသကြိမ်နှုံးကို   စနစ်တကျမချိန်ညှိ နိုင်ခြင်း စတဲ့အကြောင်းတွေကြောင့်ဖြစ်နေပါတယ် ။ ဒီထက်ဆိုးတာတွေလည်း အများကြီးရှိပါသေးတယ် ၊ အဲဒါကတော့ ဒီအသံချဲ့စက်တွေကို ဝယ်ယူတဲ့ အရင်းအမြစ်တွေဆီမှာ ဝယ်ယူသူအများစုက အသံကျယ် လေလေ ၊ ရင်ဘတ်ကို တုန်ခါမှုတွေမှန်လေလေကို သူတို့ကအရမ်းနှစ်သက်ကြပြီး ဝယ်ယူကြတာပဲဖြစ်ပါတယ် ။ အဲဒီလိုမျိုး စက်တွေမြန်မာပြည်တစ်နံတစ်လျား အများကြီးဝယ်ယူကြတာတွေ့ရပါတယ် ။ ပြီးတော့ အလှူ အတန်းနဲ့ မင်္ဂလာဆောင် ၊ ကထိန်ပဒေသာပင်နဲ့ ဆွမ်းကြီးလောင်းပွဲ ၊ အသံမစဲပဋ္ဌာန်းပွဲနဲ့ ဓမ္မပူဇာတရားပွဲများ စသည်တို့မှာ ဖွင့်ကြပါတော့တယ် ။ဘာသာရေးပွဲများမှာ အရက်ဘီယာသောက်ပြီး ကခုန်ပျော်ပါးနေကြတာ လည်း ထူးဆန်းစိတ်မကောင်းဖွယ်ရာ တွေ့ရပါသေးတယ် ။

ကျနော်တို့မြန်မာတွေဟာ ပျော်ပျော်နေတတ်သူများဖြစ်ကြောင်း ဂုဏ်ယူပုံ ဂုဏ်ယူနည်းကို ပြင်ဆင်ဘို့လိုအပ်ပြီလို့ ထင်မြင်ယူဆပြီး ၊ အနာဂတ် သာရေး ၊နာရေး ၊လူမှုရေးနဲ့ ဘာသာရေးပွဲတွေမှာ အသံချဲ့စက်တွေရဲ့ အသံလှိုင်း ပမာဏကို အထူးသဖြင့် မွေးကင်းစ ကလေးတွေ ၊အရွယ်မရောက်သေးသော ကလေးသူငယ်တွေနဲ့ အသက် အရွယ်ကြီး ၊ လူကြီးသူမတွေ ဘေးဥပါဒ်မဖြစ်အောင် ထိန်းချုပ်ပေးကြပါလို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ် ။     ။

သန့်ဇော် ( သန်လျင် )

 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly