ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်တံတား လုံခြုံရေးတပ်ဖွဲ့ကို AA ဝင်တိုက်

ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်တံတား လုံခြုံရေးတပ်ဖွဲ့ကို AA ဝင်တိုက်
 ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးယူထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး(Photo - EPA )

နေပြည်တော်(အောက်တိုဘာ ၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်- ဘူးသီးတောင် ကားလမ်းမပေါ်ရှိ စိုင်းတင်တံတားတွင် လုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်(AA) က ယနေ့ အောက်တိုဘာ ၅ရက်၊ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က အတည်ပြု ပြောကြားသည်။

စိုင်းတင်တံတား၏ အရှေ့ဘက် မီတာ ၄၀၀ခန့်အကွာမှ ဗုံးပစ်လောင်ချာ (၄၀) မမ နှင့် လှမ်းပစ်ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သရက်ပြင်ရွာကို အကာအကွယ်ယူပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တပ်နဲ့ရဲနဲ့ပေါင်းပြီးတော့ လုံခြုံရေးယူထားတဲ့ တံတားလုံခြုံရေးကို နှောင့်ယှက်ပစ်ခတ်တာပေါ့။ အဝေးကနေ လက်နက်ကြီးနဲ့ လာပြီးတော့ ပစ်ခတ်တာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နယ်မြေလုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေပြီး အဆိုပါ လမ်းပိုင်းကို ပိတ်မထားဘဲ ပုံမှန်အခြေအနေ ရှိနေသည်ဟု တပ်မတော်ဘက်က ပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ဘူးသီးတောင်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် ရှိပြီး ယနေ့နံနက်ပိုင်းက ပစ်ခတ်သည့်အသံများကို မြို့ပေါ်မှ ကြားရကြောင်းလည်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဉီးအောင်သောင်းရွှေက အတည်ပြုသည်။

“အသံတွေတိတ်သွားတော့ ကျွန်တော်ကတော့ ရွာကလူတွေကို အဆက်အသွယ်လုပ်ပြီးတော့ မေးတယ်။ မေးတော့ အဲ့ဒီအနားမှာ သရက်ပြင်ရွာရှိတယ်၊ ကြာညိုပြင်ရွာ ရှိတယ်။ ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမယ့် သူတို့တွေ အရမ်းကြောက်နေကြတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူ ဉီးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော် တပ်မဌာနချုပ်တစ်ခုကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ ပစ်ခတ်မှုကို အကြောင်းပြု၍ တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းကို ဆက်မတိုးတော့ကြောင်း ပြောဆိုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် တပ်မတော်နှင့် AA တို့ကြား စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေဆဲဖြစ်၍ မကြာခနဆိုသလို ထိတွေ့တိုက်ခိုက်မှုများ ရှိနေပြီး စစ်ဘေးရှောင် ဒုက္ခသည် ဉီးရေ ခြောက်သောင်းဝန်းကျင်အထိ ရှိလာသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly