အင်တာနဲ့ပွဲမှာ ဆန်းချက်ဇ်ကို လျော့မတွက်ကြဖို့ ဂျူဗင်တပ်စ်ကို သတိပေးလိုက်တဲ့ ရမ်ဆေး

အင်တာနဲ့ပွဲမှာ ဆန်းချက်ဇ်ကို လျော့မတွက်ကြဖို့ ဂျူဗင်တပ်စ်ကို သတိပေးလိုက်တဲ့ ရမ်ဆေး
Photos: EPA & AFP

အေရွမ် ရမ်ဆေးက လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အင်တာမီလန်နဲ့ပွဲမှာ အာဆင်နယ်အသင်း ကစားဖော်ဟောင်း အလက်ဆစ် ဆန်းချက်ဇ်ရဲ့ ထိုးဖောက် ခြိမ်းခြောက်မှုတွေကို သတိထားကြဖို့ လိုအပ်တယ်လို့ ဂျူဗင်တပ်စ်အသင်းကို တိုက်တွန်းလိုက်ပါတယ်။

တကယ်လို့သာ ဒီပွဲမှာ ဆန်းချက်ဇ်ပါလာရင် ဂျူဗင်တပ်စ်နောက်ခံလူတွေအနေနဲ့ ပိုပြီး ဂရုစိုက်ရမယ်လို့ သူက ဆိုပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ရမ်ဆေးနဲ့ (၃)နှစ်ခွဲကြာ လက်တွဲခဲ့ကြဖူးကြပြီး အသင်းနဲ့ အက်ဖ်အေဖလား (၂)ကြိမ် ကိုင်မြှောက်ခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှာတော့ ဆန်စီရိုမှာ ပြိုင်ဘက်အသွင် ရင်ဆိုင်ရဖို့ ရှိနေခဲ့တာပါ။

ရမ်ဆေးက အာဆင်နယ်ကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လက မန်ယူကနေ အင်တာကို အငှားလာရောက် ကစားနေတာပါ။ ဆန်းချက်ဇ်ဟာ စီးရီးအေ (၃)ပွဲ ကစားထားပြီး အသင်းအတွက် သူ့ရဲ့အဖွင့်ဂိုးကို ဆန်ဒိုရီးယားကို (၃-၁)ဂိုးနဲ့ နိုင်တဲ့ပွဲမှာ သွင်းယူခဲ့ပါတယ်။

ရမ်ဆေးကလည်း ဂျူဗင်တပ်စ်အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို ပြီးခဲ့တပတ်အစောပိုင်းက ဗီရိုနာကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့ပါတယ်။

"အင်တာဟာ ဒီရာသီမှာ သိသိသာသာ တိုးတက်လာနေပါတယ်။"လို့ ရမ်ဆေးက BBC Sport ကို ပြောကြားခဲ့ပါတယ်။

"အန်တိုနီယို ကွန်တီဟာ အသင်းကို စုစုစည်းစည်းနဲ့ တကယ်ပဲ တည်ဆောက်ထားခဲ့ပြီး သူတို့က အခုအချိန်ထိ ရမှတ်အလေအလွင့်မရှိပဲ ရာနှုန်းပြည့် နိုင်ပွဲရထားတယ်။

"သူတို့မှာ ကစားသမားကောင်းတွေ အတော်တော်များများ ရှိနေပါတယ်။ ကျနော် ကောင်းကောင်းသိထားတဲ့ အာဆင်နယ်အသင်းမှာတုန်းက တစ်ယောက်ပေါ့။ အလက်ဆစ် ဆန်းချက်ဇ်ပါပဲ။ ဒီပွဲမှာ သူသာပါလာရင် ကျနော်တို့ ဂရုစိုက်ရပါမယ်။ အခြားကစားသမားတွေလည်း ရှိနေတာဖြစ်လို့ သူတို့ကိုလည်း ဂရုစိုက်ရမှာဖြစ်ပေမယ့် အထူးသဖြင့် အလက်ဆစ်ကို လျော့တွက်လို့ မရပါဘူး။ ကျနော်တို့ လိုချင်တဲ့ ရလဒ်ကို ရယူဖို့အတွက် လုပ်ဆောင်သွားမှာပါ။"

အင်တာမီလန်အသင်းဟာ ဒီရာသီအဖွင့် (၆)ပွဲ ကစားအပြီးမှာ ရမှတ်ပြည့် (၁၈)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဂျူဗင်တပ်စ်အသင်းကတော့ (၅)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၁၆)မှတ်နဲ့ အဆင့် (၂)နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly