အသံချဲ့စက်ဖွင့်လှစ်မှုအတွက် လွှတ်တော်တွင် မေးခွန်းတက်လာပါက အုပ်ချုပ်ရေး တာဝန်ရှိသူများကို အရေးယူမည်

အသံချဲ့စက်ဖွင့်လှစ်မှုအတွက် လွှတ်တော်တွင် မေးခွန်းတက်လာပါက အုပ်ချုပ်ရေး တာဝန်ရှိသူများကို အရေးယူမည်

အောက်တိုဘာ ၄ ရက်။         ။  မွန်ပြည်နယ်တွင် အသံချဲ့စက်၊ ဆောင်းဘောက်ဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းလာပါက သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

 ပွင့်လင်းရာသီရောက်ရှိလာပြီးြဖစ်သည့်အတွက် အသံချဲ့စက်၊ ဆောင်းဘောက်ဖွင့်လှစ်မှုနှင့်ပတ်သက်သည့်စည်းကမ်းချက်များ၊ ညွှန်ကြား ချက်များ၊ အသိပညာပေးမှုများကို လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများကို စက်တင်ဘာလ ၂၄ ရက်က ညွှန်ကြားပြီးဖြစ်သည့်အတွက် သတ်မှတ်ဥပဒေထက် ကျော်လွန်လုပ်ဆောင်လာပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 “ ဒီရာသီမရောက်ခင်မှာ သက်ဆိုင်ရာမြို့နယ်ကနေမှ ရပ်ကျေးအဆင့်ထိ ချပြပေးမယ်၊ ပြီးရင် လုပ်ငန်းရှင်တွေ ခေါ်ယူပြီးတော့မှ အသိပညာပေးထားတယ်၊ ပြောပြထားတယ်၊ ရှင်းပြထားတယ်။ဒါကိုမှ ကျော်လွန်ပြီးတော့မှ ဆက်လုပ်လာမယ်ဆိုရင် တော့ ဥပဒေအရ အရေးယူသွားမယ်၊ ဒီလိုအဆင့်တွေအတွက် ညွှန်ကြားထားပြီးသားလည်း ဖြစ်ပါတယ်။ညွှန်ကြားချက်အတိုင်းလည်း ဆောင်ရွက်ဖို့ဖြစ်ပါတယ်။နောင်တစ်ချိန် လွှတ်တော်မှာ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်ရက်၊ ဘယ်လိုနေရာမှာ ဘယ်လိုဆောင်းဘောက် တွေ ဖွင့်ပါတယ်လို့ ထပ်ပြီးတက်လာခဲ့ရင်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဆက်ပြီးတော့မှ အရေး ယူသွားမယ်၊” ဟု ဝန်ကြီးက ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က အသံချဲစက်နှင့် ဆောင်းဘောက်များ အသံပိုင်းဆိုင်ရာစည်းကမ်းမဲ့ ဖွင့်လှစ်မှုများ ထိရောက်စွာအရေးယူပေးရန်၊ ကားပေါ်တင်စနစ်ဖျက်သိမ်းပေးရန်နှင့် အခမ်းအနားပေါ်မူတည်ကာ အသံဖိအားထိန်းချုပ်ပေးဖို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့သည်။

အသံချဲ့စက်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများထံတွင် သုံး ရက်ကြိုတင်ကာ ခွင့်ပြုချက်တောင်းခံရ သည်။ သတ်မှတ်စည်းကမ်းမလိုက်နာသူများအား ရပ်ကျေးဥပဒေဖြင့် အရေးယူနိုင်ပြီး အဆိုပါရပ်ကျေးဥပဒေတွင် ပါဝင်သည့် အသံချဲ့စက်နှင့် ပတ်သတ်သော ဥပဒေ၏ပြစ်ဒဏ်မှာ ကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ်နှင့် ငွေဒဏ်မဆောင်ပါက ၇ ရက်ထက်မပိုသော ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ထိုပြစ်ဒဏ်မှာ ထိရောက်မှု အားနည်းသည့်အတွက် သတ်မှတ်စည်းကမ်းလိုက်နာခြင်းနည်းပါးနေရခြင်းဖြစ်သည်ဟု ပြည်သူများအကြားမှာ ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ရပ်ကွက်ကျေးရွာများအတွင်း သတ်မှတ်စည်းကမ်းလိုက်နာခြင်းမရှိဘဲ အများပြည်သူစိတ်အနှောက်အယှက်ြဖစ်စေမည့် ဆူညံစွာ အသံချဲ့စက်ဖွင့်နေပါက ဒေသခံပြည်သူများဘက်မှ သတင်းပေးတိုင်ကြားစေလိုပါကြောင်း ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

အသံချဲစက်များဖွင့်လှစ်သူများအေနဖြင့် ပြည်သူများအေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်နေထိုင်မှုအား အနှောက်အယှက်မဖြစ်စေရ၊ ခွင့်ပြုထာသော ရက်အတွင်းသာ ဖွင့်ရန်၊ ခွင့်ပြုထားသည့်နေရာ၌ သာဖွင့်ရန်၊ သတ်မှတ်အသံနှုန်းထားအတိုင်းသာဖွင့်ရန်၊ သတ်မှတ် ခွင့်ပြုချိန် (နံနက် ၆ နာရီမှ ည ၉ နာရီထိ)ထိသာ ဖွင့်လှစ်ရန်၊ အမျိုးဘာသာသာသနာကို ထိခိုက်စေသော ဂုဏ်သိက္ခာကျဆင်းစေသော အကြောင်းအရာ များ မဖွင့်လှစ်ရန်နှင့် တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးမှုကို ခံယူလိုက်နာရမည်ဟု စည်းကမ်းထုတ်ထားကြောင်းသိရသည်။
    

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly