Instagram ကြော်ငြာပို့စ်တစ်ခုချင်းရဲ့ ဝင်ငွေအများဆုံးရ ကစားသမားများစာရင်းမှာ ရော်နယ်လ်ဒို ထိပ်ဆုံးက ဦးဆောင်

Instagram ကြော်ငြာပို့စ်တစ်ခုချင်းရဲ့ ဝင်ငွေအများဆုံးရ ကစားသမားများစာရင်းမှာ ရော်နယ်လ်ဒို ထိပ်ဆုံးက ဦးဆောင်
Photo: EPA

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပလက်ဖောင်းမှာ ပို့စ်တွေကြောင့် ဝင်ငွေအများဆုံးရရှိနေတဲ့ ကစားသမားများစာရင်းမှာ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ဆိုရှယ်မီဒီယာမှာ လူသိအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး Instagram မှာ Followers (၁၈၅)သန်းကျော်ပိုင်ဆိုင်ထားပါတယ်။ သူဟာ ကြော်ငြာပို့စ်တစ်ခုချင်းရဲ့ ဝင်ငွေရရှိမှုမှာ ဒေါ်လာ (၁)သန်းနီးပါး (ဒေါ်လာ ၉၇၅,၀၀၀)အထိရရှိတယ်လို့ HopperHQ က ဖော်ပြထားပါတယ်။

HopperHQ က ထုတ်ပြန်တဲ့ Instagram Rich List မှာ တစ်ဦးချင်းဝင်ငွေရရှိသူများအနေနဲ့ ကြည့်ပါက ရော်နယ်လ်ဒိုဟာ နိုင်ငံတကာ Celebrity တွေထဲမှာ အေရီယာနာဂရန်ဒီနဲ့ ကိုင်လီဂျန်နာတို့အပြီး ဝင်ငွေအများဆုံးရရှိနေသူလည်းဖြစ်ပါတယ်။

သူဟာ ဘောလုံးလောကမှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေမှာ ရပ်နေသူကတော့ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာပဲဖြစ်ပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ Instagram မှာ Followers (၁၂၆)သန်းကို ပိုင်ဆိုင်ထားပြီး သူတင်နေတဲ့ ကြော်ငြာပို့စ်တစ်ခုစီအတွက် ဝင်ငွေဒါ်လာ (၇၂၂,၀၀၀) ရရှိနေပါတယ်။

ရော်နယ်လ်ဒိုနဲ့ နေမာတို့ရဲ့နောက် ဝင်ငွေအများဆုံးရရှိနေသူက ဘာစီလိုနာရဲ့ မက်ဆီဖြစ်ပါတယ်။ မက်ဆီဟာ နေမာထက် Followers ပိုများပြီး (၁၃၂)သန်းကျော်ရှိနေပေမယ့်လည်း ကြော်ငြာပို့စတစ်ခုချင်းရဲ့ တု့ံပြန်မှုနှုန်းက နေမာလောက် အားမကောင်းတာကြောင့် ရရှိတဲ့ဝင်ငွေကတော့ ဒေါ်လာ (၆၄၈,၀၀၀) ရှိနေတာဖြစ်ပါတယ်။

မက်ဆီရဲ့ နောက်မှာတော့ ဘောလုံးကစားသမားဘဝကနေ အနားယူထားပြီးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ရော်နယ်လ်ဒင်ဟိုတို့ နှစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီနဲ့ ဘက်ခမ်းတို့ကြား Followers အရေအတွက်မှာ အများကြီး ကွာခြားသွားပြီး ဘက်ခမ်းက Followers (၅၈)သန်းကျော်နဲ့ ပို့စ်တစ်ခုအတွက် ဒေါ်လာ (၃၅၇,၀၀၀)သန်း ရရှိနေပါတယ်။

ရော်နယ်လ်ဒင်ဟိုကတော့ Followers (၄၈)သန်းကျော်နဲ့ အဆင့် (၅)နေရာမှာ ပို့စ်တစ်ခုအတွက် ဒေါ်လာ (၂၅၆,၀၀၀)သန်း ရရှိနေပါတယ်။

ဒီကစားသမား (၅)ဦးအပြင် အခြားဝင်ငွေအမြင့်မားစွာရရှိနေတဲ့ ကစားသမားတွေကတော့ ရီးယဲလ်မက်ဒရစ်ရဲ့ ဂါရတ်ဘေးလ် (ဒေါ်လာ ၂၁၈,၀၀၀)၊ အယ်လ်အေဂလက်စီရဲ့ ဇလာတန်အီဘရာဟီမိုဗစ် (ဒေါ်လာ ၂၀၀,၀၀၀)၊ ဘာစီလိုနာရဲ့ လူးဝစ်ဆွာရက်ဇ် (၁၈၄၀၀၀)နဲ့ လီဗာပူးလ်ရဲ့ ဆာလာ (ဒေါ်လာ ၁၆၅,၀၀၀)တို့ဖြစ်တယ်လို့ သိရပါတယ်။

Ref; 90Min

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly