ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားအမြန်ဆုံးရရှိရေးအစိုးရ ကြိုးပမ်းနေ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားအမြန်ဆုံးရရှိရေးအစိုးရ ကြိုးပမ်းနေ
 (ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၄ရက်၊ ၂၀၁၉ခုနှစ်)။  ။ အကြောင်းအမျိုးမျိုးကြောင့်ကြန့်ကြာနေသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတိုးတက် အောင်မြင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ဓာတ်အားအမြန်ရရှိရေးကို အစိုးရ ကကြိုးပမ်းနေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

တနင်္သာရီတိုင်းသည် မဟာဓာတ်အားလိုင်းစနစ်ဖြင့်လျှပ်စစ်မီးမရသေးသော မြန်မာနိုင်ငံ၏တစ်ခု တည်းသောတိုင်းဒေသဖြစ်ပြီး ထိုအခြေအနေကိုကျော်လွှားနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ထံမှ ချေးငွေရယူပြီးဖြစ်ကာ မဟာဓာတ်အားလိုင်း တည်ဆောက်နိုင်ရန် ဆောင်ရွက်နေပြီဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာထွန်းနိုင်က ပြောသည်။

“အဲ့ဒီ မဟာဓာတ်အားလိုင်းဟာ မော်လမြိုင်ကနေ ရေး-ထားဝယ်အထိ ရောက်အောင် တည်ဆောက် ပြီးလို့ရှိရင် အဲ့ဒီ ဓာတ်အားလိုင်းမှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို လျှပ်စစ်ဓာတ်အား ဆက်လက်ရရှိအောင် ဆောင်ရွက်ဖို့ ဝန်ကြီးဌာနက စီစဉ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောက်တိုဘာ ၃ရက်က ကျင်းပသည့် ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းအောင်မြင်ရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဝန်ကြီးများအဆင့် ကိုးကြိမ်မြောက် အစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် နှစ်နိုင်ငံအကြား အချက်ခုနှစ်ချက် သဘောတူခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် ၏ ကနဦး စီမံကိန်းကို ထိုင်းနိုင်ငံနှင့် အကောင်အထည်ဖော် သွားမည် ဖြစ်သည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းကြီးရော၊ လမ်းပိုင်းဆိုင်ရာရော ပြီးစီးအောင်လို့ ကျွန်တော်တို့ အနေနဲ့ အောင်အောင်မြင်မြင် ဖြစ်အောင်လို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်” ဟု ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီး H.E Mr.Saksayam Chidchob က ပြောသည်။

သို့သော် ကျန်သည့် ပင်မစီမံကိန်းကိုမူ ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းလုပ်ငန်းရှင်ကုမ္ပဏီများနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများအပြင် အခြားတတိယနိုင်ငံများကပါ ဖိတ်ခေါ်သွားမည်ဟု ထုတ်ပြန်ကြေညာ ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ စုစုပေါင်း ဧရိယာမှာ ၁၉၆ စတုရန်းကီလိုမီတာ ရှိပြီး ထိုင်းနိုင်ငံနှင့် ဆောင်ရွက်မည့် ကနဦးစီမံကိန်း ဧရိယာမှာ ၂၇စတုရန်းကီလိုမီတာ ရှိသည်။ ကျန်ဧရိယာကိုမူ ပင်မစီမံကိန်းအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

“ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေဟာ ကနေ့ အခြေအနေတွေထက် လျင်မြန်စွာ တိုးတက် အောင်မြင်လာမယ်လို့ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ကော၊ မြန်မာအစိုးရအနေနဲ့ကော အလေးအနက် ယုံကြည်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ပြောသည်။

စီမံကိန်းပထမအဆင့်တွင် ထီးခီးဂိတ်မှ ထားဝယ်အထူးစီးပွားရေးဇုန်အထိ နှစ်လမ်းသွား လမ်း တည်ဆောက်ရန် ဆောင်ရွက်နေပြီး မကြာခင် ချေးငွေစာချုပ် ချုပ်ဆိုတော့မည် ဖြစ်သည်။ ထိုလမ်းအတွက် ထိုင်းဘတ်ငွေ ၄ဒဿမ ၅ ဘီလျံ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က သဘော တူထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြန်မာနိုင်ငံဘက်မှ ဒုသမ္မတ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား မကြာခင် ထိုင်းနိုင်ငံတွင် အဆင့်မြင့် အစည်းအဝေးတစ်ရပ် ကျင်းပသွားရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly