၁၉၅၉ တပ်မတော်အက်ဥပဒေကို အစိုးရအနေဖြင့် ပြင်ဆင်သင့်သည်ဟု ICJ ထောက်ပြ

၁၉၅၉ တပ်မတော်အက်ဥပဒေကို အစိုးရအနေဖြင့် ပြင်ဆင်သင့်သည်ဟု ICJ ထောက်ပြ
Photo - AFP

ရန်ကုန် ၊ စက်တင်ဘာ ၄ ။        ။ ပြစ်မှုပြစ်ဒဏ်များ ကျူးလွန်ခဲ့သော တပ်မတော်သားများကိုအရပ်ဘက်တရားရုံးတွင် စစ်ဆေးနိုင်ရန် ၁၉၅၉ တပ်မတော် အက်ဥပဒေကို အစိုးရအနေဖြင့် ပြင်ဆင်သင့်သည်ဟု အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်အဖွဲ့ (ICJ) က ထောက်ပြပြောဆိုလိုက်သည်။

၁၉၅၉ တပ်မတော်အက်ဥပဒေအရ ဆိုးဝါးသည့် ပြစ်မှုများကို ကျူးလွန်ခဲ့သည့် တပ်မတော်သားများကို အရပ်ဘက် တရားရုံးအစား စစ်ဘက်တရားရုံးများတွင်စစ်ဆေးစီရင်ရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် အဆိုပါ  ၁၉၅၉ တပ်မတော် အက်ဥပဒေကို ပြင်ဆင်ရန် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတွင် တာဝန်ရှိသည်ဟု ICJ က ပြောဆိုထားသည်။

“စစ်တပ်က ပါဝင်ပတ်သက်တဲ့ ပြစ်မှုတွေမှာ ဘက်လိုက်မှုမရှိဘဲ စစ်ဆေးနိုင်တယ် စစ်ဆေးသင့်တယ်ဆိုတဲ့အချက်ကို  ဒီချုပ် အစိုးရဟာ ရဲ၊ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေအပါအဝင် တရားရေးဆိုင်ရာအဖွဲ့အစည်းအားလုံး ကို ပေးနိုင် ပါတယ်” ဟု ICJ ဥပဒေအကြံပေး ရှောင်ဘိန်းက ဆိုသည်။

၁၉၅၉ တပ်မတော်အက်ဥပဒေတွင် မူလပြဋ္ဌာန်းချက်အရ စစ်ဆေးပြီးသားအမှုများကို  ပြည်ထောင်စုသမ္မတ က ပုံမှန် အရပ်ဘက် တရားရုံးများတွင် ပြန်လည်စစ်ဆေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ သို့သော်လည်း အဆိုပါ အချက်ကို ၂၀၁၀ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်ဟု ICJ က ပြောဆိုထားသည်။

“တပ်မတော်သားတွေရဲ့ ဆိုးဝါးတဲ့ ပြစ်မှုတွေကို အများပြည်သူ သိမြင်နိုင်တဲ့ ရာဇဝတ်မှုစစ်ဆေးအရေးယူနိုင်အောင် လွှတ်တော်အမတ်တွေအနေနဲ့ ၁၉၅၉ တပ်မတော်အက်ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပါတယ်” ဟု ICJ ၏ အာရှ ပစဖိတ် ဒါရိုက်တာ ဖရက်ဒရစ်ရော်စကီးက ပြောဆိုခဲ့သည်။

လက်ရှိ ၁၉၅၉ တပ်မတော်အက်ဥပဒေအပေါ်တွင် အမြင်ကွဲလွဲမှု နှစ်မျိုး ရှိနေနိုင်ပြီး ပရော်ဖက်ရှင်နယ် တပ်မတော် တိုင်းတွင် စစ်ဖက်ဆိုင်ရာ တရားရုံးရှိနေကာ စစ်မြေပြင်တွင်ဖြစ်ပျက်သည့်ကိစ္စရပ်များကို စစ်ခုံရုံးတွင် စစ်ဆေးခြင်းသည် သင့်လျော်သည့် အနေအထားတွင်ရှိနေပြီး တခြားတစ်ဖက်တွင်လည်း လွတ်လပ်မှုမရှိခြင်း ၊ ဘက်လိုက်မှုရှိနေနိုင်ခြင်း စသည့် ကိစ္စရပ်များလည်း ရှိနေနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူ ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။

“လက်ရှိသွားနေတဲ့ အခင်းအကျင်းက ဒီမိုကရေစီအခင်းအကျင်း ဖြစ်တယ်။ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေကို အလေးထားတဲ့ အနေအထားရှိတော့ ဒီဥပဒေကို ပြင်မယ်ဟေ့ဆိုရင် ICJ ရဲ့ တင်ပြချက်က ပိုပြီးဆီလျော်ပါတယ်” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃(ခ) ၊ ၃၁၉ ၊ ၃၄၃(ခ) အရ တပ်မတော်မှ စစ်ခုံရုံးဖြင့် တရားစီရင်နိုင်ပြီး နောက်ဆုံး အယူခံဆုံးဖြတ်ခွင့်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အာဏာအပ်နှင်းထားသည်။ ကာကွယ်ရေး ဦးစီးချုပ်၏ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် မည်သည့်အရပ်ဖက်အဖွဲ့အစည်းများမှ အယူခံပိုင်ခွင့် မရှိပေ။

အဆိုပါကိစ္စရပ်များကြောင့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်ခဲ့သူများ ပြစ်ဒဏ်မှစောစီးစွာ လွတ်မြောက်သွားခြင်း  ၊ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိုပါကြီးအသတ်ခံရမှု ဖြစ်စဉ်များတွင် တပ်မတော်သားများ ပြစ်ဒဏ်ကျခံရမှုမရှိခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ICJ မှ အကြံပြုချက်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ သဘောထားမှတ်ချက်တောင်းခံရန် တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required