ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့် မြေများအတွက် တိုင်းလွှတ်တော်တွင် မေးမြန်းမည်

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့် မြေများအတွက် တိုင်းလွှတ်တော်တွင် မေးမြန်းမည်

ရန်ကုန်၊ စက်တင်ဘာလ ၃ ။         ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ကာ မြေစီမံခန့်ခွဲမှုကော်မတီက ရောင်းချမည်မြေယာများအတွက် အစီစဉ်၏ အသေးစိတ်အချက်အလက်များကိုလွှတ်တော်တွင်မေးမြန်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဇေယျကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စီပွားရေးလုပ်ငန်း၊ စက်မူလုပ်ငန်းနှင့်လူနေထိုင်ရန်အတွက် မြေများကို လာမည့် တစ်ပတ်အတွင်း ရောင်းချသွားမည့်ဟု စက်တင်ဘာလ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများထဲတွင် ကြေညာခဲ့သည်။

အဆိုပါမြေများ ရောင်းချမည့်အစီစဉ်အသေးစိတ်အချက်များကို သိရှိရန်အတွက် ဦးကျော်ဇေယျက စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက လွှတ်တော်တွင် အသေးစိတ်မေးမြန်းရန်နှင့် လာရောက်ရှင်းလင်း ပြောကြားရန် လွှတ်တော်သို့ စာတင်ထားကြောင်း သိရသည်။

" အခုရန်ကုန်တိုင်းမှာ ဖြစ်နေတာက အစိုးရနဲ့လွှတ်တော်က ဟန်ချက်မညီဘူးဖြစ်နေတယ်။ ရန်ကုန်တိုင်းအစိုးရ လုပ်တာတွေ လွှတ်တော်က အသေးစိတ်မသိဘူး။ သတင်းစာထဲထည့်ကြေညာတယ်။အခု မြေကိစ္စ ရောင်းမယ် ဆိုတဲ့ကိစ္စက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ ၊ ကျွန်တော်တို့နဲ့မတိုင်ပင် ရင်တောင် ဒဂုံမြို့နယ်မှရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရင်ဆုံး ဒီမြေကြီးတွေ ဘယ်လိုလုပ်မယ် ဆိုတာ တိုင်ပင်သင့်တယ်။ကျွန်တော်ထင်တာ တိုင်ပင်မှုမရှိခဲ့လို့ ဒီသတင်းကိုကြည့်ပြီး ကျွန်တော်ကိုယ်တိုင် လက်မှတ် ထိုးပြီးစီမံကိန်ကော်မတီ အနေနဲ့ ဒါတွေကျွန်တော်တို့သိချင်ပါတယ်ဆိုပြီး တင်တယ် " ဟု ဦးကျော်ဇေယျက မဇ္စျိမသတင်းဌာနကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် တိုင်းဒေသကြီးအတွင်း ရှိသောမြေများကို စီးပွားရေး ၊စက်မူလုပ်ငန်းနှင့် လူနေထိုင်ရန်အတွက် မြေအသုံးပြုခွင့်များကိုသတ်မှတ်စည်ပင်စရိတ်ပေးသွင်းကာအသုံး ပြု ခွင့်ပေးမည် ဖြစ်ကြောင်း မြေစီမံခန့်ခွဲရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

"မြေရောင်းတာနဲ့ပတ်သက်လို့ YP စက်သုံးဆီဆိုင်တွေ တုန်းကလည်း ဒါက အပြီးသတ်ရောင်းတာ အဲဒါတွေ လည်းမသိခဲ့ရဘူး။ ပြီးမှပြန်မေးနေရတယ်။ အမှန်က အဲဒါတွေပဲ ပေါင်းစပ်ညှိနှိုင်းမှုမရှိတော့ လုပ်ငန်းအနေနဲ့ ကြန့်ကြာတာပါ။သို့လောသို့လော နဲ့ မှတ်ချက်တွေလည်း ထွက်လာကြတယ် " ဟုဦးကျော်ဇေယျ က ဆက် ပြောသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မြေအသုံးပြုရန်အတွက် စိတ်ပါဝင်စားသူတိုင်း မြေအသုံးပြုခွင့် လျှောက် လွှာကိုဝယ်ယူ တင်သွင်းနိုင်ကြောင်း မြေအသုံးပြုခွင့်လျှောက်လွှာတင်သွင်းမည့် ပုဂ္ဂိုလ်၏ မှတ်ပုံတင်မူရင်း၊မိတ္ထူ တို့ကိုတင်ပြ၍ လျှောက်လွှာပုံစံကို ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စုပေါင်းရုံးတွင် ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်ထင်တယ်။ နီးစပ်ရာတော့ပေးမှမဟုတ်ပါဘူး။အခုက တော်တော်ကြီးကို သတိထားပြီးလုပ်ကိုင် ဆောင်ရွက်လာတဲ့ အခြေအနေရှိတယ်။ဖြစ်နိုင်တာက အမှားအယွင်းမရှိအောင်ပါ။ အဲဒါတော့ ကျွန်တော် ကောင်းကောင်းသိပါတယ်။ အစိုးရဘက်ကလည်း တကယ်လည်း မြေဝယ်ပြီးတော့ လက်ဆင့်ကမ်း ရောင်းချ မယ့်သူတွေကို ရောင်းမှာတော့မဟုတ်ဘူး။ တကယ်အလုပ်လုပ်နိုင်မယ့်ကုမ္ပဏီ၊ တကယ်လုပ်မယ့် လူတွေကို ရောင်းမယ့်အခြေအနေရှိတယ်။အခု တင်တာတွေတင်တဲ့အခါကျွန်တော် သိရသလောက်က ကုမ္ပဏီတွေက ကိုယ်ပိုင်ငွေကြေးလား။ ဒါမှမဟုတ် ပွဲစား၊ Black List ထိထားတဲ့ သူတိုတွေလားဆိုတာကို သေချာစုံစမ်း ကြတယ်။တကယ်အလုပ်လုပ်မယ့်သူတွေက ဒါက အခွင့်အလမ်းတစ်ခုလို့ ကျွန်တော်ထင်တယ် " ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

စိတ်ဝင်စားသူများအတွက် လျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ရောင်းချမည် ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့နောက် ဆုံးထားတင်သွားရမည်ဟု ဆော်ပြထားသည်။ ရောင်းချမည့် မြေများမှာ အရှေ့ ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင် နှင့် ဒဂုံမြောက် ၊ လှိုင်သာယာ ၊ ရွှေပြည်သာမြို့နယ်တို့မှ အစိုးရပိုင် မြေယာများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် ရင်းနှီး မြှုပ်နှံမှုအစည်းဝေးတွင် အစိုးရပိုင်သည့် ဧကထောင်ချီသည့် မြေယာများကို ထုတ်ရောင်းချသွားရန်ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့ဖူးသည်။

 
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required