ကျန်ရှိသည့်မေးခွန်းများကို လာမည့် အောက်တိုဘာ ၇ ရက်နေ့တွင် ဖြေကြားမည်ဟု မွန်ပြည်နယ် အစိုးရအကြောင်းပြန်

ကျန်ရှိသည့်မေးခွန်းများကို လာမည့် အောက်တိုဘာ ၇ ရက်နေ့တွင် ဖြေကြားမည်ဟု မွန်ပြည်နယ် အစိုးရအကြောင်းပြန်

မော်လမြိုင် ၊ အောက်တိုဘာ ၃ ။        ။  မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြေဆိုရန် ကျန်ရှိသည့် မေးခွန်း ၂၀ ကျော်ကို လာမည့် အောက်တိုဘာ ၇ ရက်နေ့ လွှတ်တော်ကျင်းပသည့်အချိန်တွင် ဖြေကြားပေးမည်ဖြစ်ကြောင်း ညှိနှိုင်းအကြောင်းကြားစာ ပေးပို့လာသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ ဖြေကြားရန်ကျန်ရှိနေသည့် မေးခွန်းများကို ဖြေဆိုပေးနိုင်မည့် နေ့ရက်ကို အကြောင်းပြန်ပေးရန် ပြည်နယ်လွှတ်တော်ရုံးမှအစိုးရအဖွဲ့ရုံးသို့ စက်တင်ဘာ ၂၅ ရက်နေ့တွင်စာပေးပို့ခဲ့ပြီးနောက် အစိုးရအဖွဲ့မှ လာမည့် အောက်တိုဘာ ၇ ရက်နေ့တွင် ဖြေကြားပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စီမံဘဏ္ဍာဝန်ကြီးက လက်မှတ်ရေးထိုးပြီး အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုခဲ့သည်။

 “ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မေးခွန်းဟာ အဟောသိကံ(ပျက်စီးသွား) ဖြစ်လို့မရပါဘူး၊ အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိတဲ့ မေးခွန်းအားလုံးကို ဖြေရပါမယ်” ဟု ဒေါ်တင်အိက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ လ ၁၉ရက်နေ့တွင်ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ မေးခွန်း ၄၉ ခု မေးမြန်းခဲ့သော်လည်း အစိုးရအဖွဲ့မှ မေးခွန်း ၂၄ ခုသာ ဖြေဆိုပေးခဲ့သည်။ ကိုယ်စားလှယ်များဘက်မှ စက်တင်ဘာ ၆ရက် ၊ ၉ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မေးခွန်းများကို ကြိုတင်ပေးပို့ခဲ့သော်လည်း အစိုးရဘက်ကမူ စက်တင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ပေးပို့သည့် မေးခွန်းများကို အချိန်လုံလောက်မှုမရှိခြင်းကြောင့် ဖြေဆိုရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်များမေးမြန်းထားသည့်မေးခွန်းများကို အစိုးရအဖွဲ့မှ ဖြေကြားမှုမရှိခြင်းသည် ကိုယ်စားလှယ်များ၏ အခွင့်အရေး ဆုံးရှုံးသလို ဖြစ်နေကြောင်း၊ အစိုးရအဖွဲ့မှ ယခုကဲ့သို့ ဖြေကြားပေးမည်ဟု ညှိနှိုင်းလာခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ  ကြိုဆိုကြောင်း ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက သဘောထားမှတ်ချက်ပေးသည်။

လက်ရှိဖြစ်စဉ်သည် မေးခွန်းများကို ဖြေဆိုရန်အချိန်လုံလောက်မှုမရှိ‌ကြောင်း အစိုးရဘက်က ညှိနှိုင်း အကြောင်းကြားချက်ကို  ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌမှ ရက်အနည်းငယ်ရွေ့ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးသည့်သဘောဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်တွင် မေးခွန်းမေးမြန်းလိုလျှင် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ လွှတ်တော် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၁၀ ရက်ကြိုတင်၍ မေးခွန်းများကို လက်မှတ်ရေးထိုးပြီး မေးခွန်းမေးမြန်းလိုကြောင်း အကြောင်းကြားစာနှင့်အတူ ပေးပို့ရမည်ဟု ပြည်နယ်လွှတ်တော်နည်းဥပဒေတွင် ပြဌာန်းထားသည်။
    
 Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly