နော်အုန်းလှနှင့် ကရင်လူငယ် နှစ်ဦးက လာရောက်ဝန်းရံသူများနှင့်အတူ တိုင်းရင်းသား တန်းတူ ညီမျှခွင့် ရရေး တောင်းဆို

နော်အုန်းလှနှင့် ကရင်လူငယ် နှစ်ဦးက လာရောက်ဝန်းရံသူများနှင့်အတူ တိုင်းရင်းသား တန်းတူ ညီမျှခွင့် ရရေး တောင်းဆို
ဓာတ်ပုံ - သူရ (မဇ္စျိမ)

အောက်တိုဘာလ ၂ ။              ။ ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် နော်အုန်းလှ နှင့် ကရင်လူငယ် နှစ်ဦးတို့ကို  ကျောက်တံတားမြို့နယ်တရားရုံး မှ ထောင်ဒဏ် ၁၅ ရက်စီကျခံစေရန် အမိန်ချမှတ်ခဲ့ရာ  ချုပ်ရက်ကများနေသဖြင့် ၎င်းတို့ သုံးဦးစလုံး  အမိန်ချမှတ်ပြီးချိန်တွင် လွတ်မြောက်ခဲ့သည်။

ယင်းကဲ့သို့ လွတ်မြောက်လာသည့် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့သည် လာရောက်ဝန်းရံသူ ၃၀၀ ကျော် နှင့် ပူးပေါင်းပြီး ကျောက်တံတားမြို့နယ် တရားရုံးမှ  မဟာဗန္ဓုလ ပန်းခြံထိ တိုင်းရင်းသား များ တန်းတူ အခွင့်အရေး ပေးရန်အတွက် လမ်းလျှောက် ကြွေးကြော်ခဲ့ကြသည်။

" ဥပဒေနဲ့အညီ ဆောင်ရွက်ထားတဲ့ကိစ္စတစ်ခုဖြစ်ပါလျက်ရဲ့ ဒေသန္တရအမိန့်နဲ့ လာငြိနေစရာ  အကြောင်းတစ်ခုမှမရှိပါဘူး။ ဥပဒေဆိုတာညှိနှိုင်းစရာမလိုပါဘူး ။ ဥပဒေနဲ့ညီလို့ ဥပဒေ နဲ့ပေးရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့က ဥပဒေနဲ့အညီ လုပ်တဲ့ကိစ္စကို အခုထောင်ချလိုက်တယ်။ တကယ်စိတ်မကောင်းပါဘူး။ ထောင်ကျတာ ပြသနာ မရှိပါဘူး။ ကရင်အမျိုးသားအာဇာနည်နေ့အစော်ကား ခံလိုက်ရတယ်လို့ ခံစားရပါတယ်။ တာဝန်အရှိဆုံးက ရန်ကုန်တိုင်း အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ပါပဲ။ ဖြိုးမင်းသိန်း ကိုယ်တိုင်က ဘာပြောလဲဆိုတော့ လုံးဝခွင့်မပြုနိုင်ဘူးဆိုတာ ကျွန်မတို့ ကရင်ရေးရာဝန်ကြီး ဆီကသိရပါတယ်။ ဒါကိုလက်မခံပါဘူး" ဟု ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပခဲ့သည့် နော်အုန်းလှ က မီဒီယာများကို တရားရုံးအထွက်တွင် ပြောသည်။

ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ကိစ္စကိုယခုကဲ့သို့ တိုင်းအစိုးရက ဖိအားပေးခဲ့သည်ကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများကို တိုင်စာပေးပို့သွားမည့်အပြင် အမိန့်ကိုလည်း အယူခံဝင်သွားမည်ဟု သူမက ဆက်လက်ပြောကြားသည်။

ဝန်းရံသူများသည် မဟာဗန္ဓုလ ပန်းခြံမှ ကျောက်တံတားမြို့နယ် တရားရုံးအထိ လမ်းလျှောက်ကာ လာရောက်ဝန်းရံခဲ့ခြင်းဖြစ်ကာ ဝန်းရံခဲ့သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့်  ကရင်လူငယ်များ ၊ ကရင်နီ ၊ပအို့်ဝ် ၊ ရခိုင် ၊ ဗမာ စသည့် တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

ယင်းကဲ့သို့ လမ်းလျှောက်ချီတက်ရာတွင်   တိုင်း ရင်းသားအခွင့်အရေး တန်းတူညီမျှရရှိရေး၊ တိုင်းရင်းသားများကို ဖိနှိမှုများရပ် စသည့်  ဆိုင်းဘုတ်တွေကိုင်ဆောင် ချီတက် ခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့လူမျိုးတစ်မျိုးကြပဌန်းပိုင်ခွင့်ရှိပါတယ်။လူမျိုးတစ်မျိုးရဲ့အခွင့်အရေး အရ သူဟာသူ ပြဌန်းပိုင်ခွင့်ရှိပါတယ်။ ဒါကို ဒီတိုင်းပြည်မှ ကရင် တစ်ဦးထဲနေတာမဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်မှာတိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ သမိုင်း အမွေအနှစ်တွေ ၊တိုင်းရင်းသားတွေရဲ့ ပြဌန်းချက်တွေကို နားလည်ဖို့လိုပါတယ်။ ဒါမှသာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို တကယ်လက်တွေ့ဖော် ဆောင်နိုင်မြှဖစ်ပါတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က မီဒီယာများကိုပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမနှင့်  မဟာဗန္ဓုလပန်းခြံရှေ့တွင်  ၆၉ နှစ်မြောက် ကရင်အာဇာ နည်နေ့ အခမ်းအနား ဦးဆောင် ကျင်းပခဲ့ခြင်းနှင့်  ပတ်သက်ပြီး နော်အုန်းလှနဲ့ ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချို တို့သုံးဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required