သင့်လျော်သည့်နေရာမျိုးပြန်နေရာချထားပေးရန် နောင်ဘိုဘူတာလမ်းရှိ ကျူးဟုသတ်မှတ်ခံရသူများ တောင်းဆို

သင့်လျော်သည့်နေရာမျိုးပြန်နေရာချထားပေးရန် နောင်ဘိုဘူတာလမ်းရှိ ကျူးဟုသတ်မှတ်ခံရသူများ တောင်းဆို
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ အောက်တိုဘာ ၁ ။           ။ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ၊ နောင်ဘိုကျေးရွာ ဘူတာလမ်းတွင်နေထိုင်ပြီး ကျူးကျော်ဟုသတ်မှတ်ခံရသူများမှ ယင်းတို့အတွက်သင့်လျော်သည့်နေရာမျိုး စီစဉ်ပေးပါကလက်ရှိနေရာမှပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အစိုးရကိုတောင်းဆိုလိုက်သည်။

နောင်ဘိုကျေးရွာ ဘူတာလမ်းမှနေအိမ် ၅၀ ကျော်ကို ၂၀၁၅ ခုနှစ်မှစတင်ကာ ကျူးကျော်ဟူ၍ သတ်မှတ် ကြောင်းနှင့် အမြန်ဆုံးနေရာမှဖယ်ရှားပေးရန် မြို့နယ်ထွေအုပ်မှစာထုတ်ပြန်ခြဲ့ခင်းဟုလည်းသိရသည်။

“စီမံကိန်းရှိခဲ့မယ်ဆိုရင်တော့ စီမံကိန်းရှိတဲ့အတိုင်းပေါ့။ အစ်မတို့ကဖယ်ပေးမယ်။ တာဝန်ရှိလူကြီးတွေက ကောင်းသော နေရာမှာချပေးမယ်။ နစ်နာကြေးလေးပေးမယ်။ အစ်မတို့ကျောင်းသားတွေကို ပံ့ပိုးတဲ့ အနေနဲ့ လုပ်ပေးမယ်ဆိုရင် အစ်မတို့ ကျေးဇူးတင်တယ်။ လိုက်လဲ လိုက်လျောနိုင်ပါတယ်လို့အစ်မတို့ပြောချင်ပါတယ်” ဟု ကျူးကျော်ဟုသတ်မှတ်ခံရသူများကိုယ်စား နောင်ဘိုကျေးရွာ၊ ဘူတာလမ်းတွင် နေထိုင်သော ဒေါ်နန်းမြင့်မြင့်စန်းကပြောသည်။

အဆိုပါကိစ္စအတွက် ရန်ကုန်မြို့ ၄၈ လမ်းရှိ မြန်မာဂျာနယ်လစ်ရုံးခန်းတွင် အောက်တိုဘာ ၁ ရက်နေ့က သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြောင်းရွှေ့ပေးရန်ညွှန်ကြားခံခဲ့ရသည့်အိမ်များမှာ ၁၉၉၆ ခုနှစ်ကတည်းက ကျေးရွာ (ရဝတ) ဥက္ကဋ္ဌ၊ ထို အချိန်က ပြည်သူ့စစ်ခေါင်းဆောင်တို့အပါအဝင် နောင်ဘိုကျေးရွာတာဝန်ရှိသူများမှ ဝယ်ယူနေထိုင်ခွင့် ပြုခဲ့ခြင်းဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင်လက်ရှိနေထိုင်သူများသည် မြေယာပိုင်ဆိုင်မှုအထောက်အထားမရှိသေးသည့် အဆိုပါနေရာများကို ပိုင်ရှင်များထံမှ စာချုပ်စာတမ်းဖြင့် တစ်ဆင့်ပြန်လည်ဝယ်ယူကာနေထိုင်ခဲ့ကြသည်မှာ၁၀ နှစ်ခန့် ကြာမြင့်နေပြီ ဟုလည်း ဒေါ်နန်းမြင့်မြင့်စန်း ကပြောသည်။

မြို့နယ်ထွေအုပ်မှနေ၍ နေအိမ်များဖယ်ရှားပေးရန်အသိပေးထားသော်လည်း သင့်လျော်သည့် နေရာမျိုး စီစဉ်မပေးပါက ဖယ်ရှားမပေးဟုဆိုကာ လက်ရှိနေထိုင် ကြသူများမှ နိုင်ငံတော်သမ္မတရုံးအပါအဝင် လွှတ်တော် နှစ်ရပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနများသို့ အကူအညီတောင်းဆိုထားကြောင်းသိရသည်။

ထိုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့လည်း ထပ်မံတိုင်ကြားသွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲပြုလုပ် သူများကဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required