မြိတ်ကျွန်းစုခရီးစဉ်များကို စျေးနှုန်း အပြောင်းအလဲမရှိ စတင်ပြေးဆွဲ

By ဒီမိုးသွေး (မြိတ်)
01 October 2019
မြိတ်ကျွန်းစုခရီးစဉ်များကို စျေးနှုန်း အပြောင်းအလဲမရှိ စတင်ပြေးဆွဲ

မြိတ်၊ အောက်တိုဘာ (၁) ။         ။ မြိတ်ကျွန်းစု၏ ကျွန်းခရီးစဉ်များကို အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ကာ ဈေးနှုန်း အပြောင်း အလဲမရှိ စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများထံမှ သိရ သည်။
 

“’ဒီနှစ်ကျွန်းခရီးစဉ် ဈေးနှုန်းတွေကတော့ ယခင်နှစ်က အတိုင်းပါပဲ ဈေးနှုန်း မတိုးမြင့်ထားပါဘူး။ အရင်နှစ်က ဈေးအတိုင်းပဲ ရောင်းချပြေးဆွဲပေးသွားမှာ ဖြစ်တယ်”ဟု မြိတ်ခရိုင်၊ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းမှာ ခရီးသွားရာသီများတွင် လူသိများလာသော ကျွန်းခရီးစဉ်များဖြစ်ပြီး ယခုနှစ် ခရီးသွားရာသီတွင် လာရောက်လည်ပတ်မည့် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များအတွက် ခရီးစဉ် အသစ်နှင့်ဝန်ဆောင်မှုအပိုင်းများကို တိုးချဲ့စီစဉ်ပေးထားကြောင်း သိရသည်။

 “ဒီနှစ် ကျွန်းခရီးက အောက်တိုဘာလ (၁) ရက်နေ့မှာ စတင်ပါပြီ။ မြိတ်မှာ ရှိတဲ့ ခရီးသွား ကုမ္ပဏီတွေ အားလုံးက ခရီးစဉ် ဈေးနှုန်းတွေအားလုံး တပြေးညီပဲ ရောင်းချ သွားမှာဖြစ်တယ်။ ဈေးနှုန်း မတိုးထားပါဘူး။ ခရီးသည်တွေ ဈေးသက်သက်သာသာနဲ့ သွားနိုင်အောင်လို့ စီစဉ် ပေးထားတာ ဖြစ်တယ်”လို့ Mergui Dolphin Travel & Tours ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။

မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများသည် ယခုနှစ်တွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ် နိုင်ရေးအတွက် ပက်ကေ့ခ်ျဈေးနှုန်းများ တိုးမြင့်ထားခြင်းမရှိသကဲ့သို့ ခရီးသည်တင်ရေယာဉ် စပိဘုတ်များကို ဘေးကင်းလုံခြုံမှုရှိစေရေးနှင့်ကြံ့ခိုင်မှုအပိုင်းများကိုပါ ဦးစားပေးပြင်ဆင်ထားကြောင်းထို့အပြင် ကျွန်းခရီးစဉ် အသစ်နှင့် ညအိပ်နားနေနိုင်သည့်ခရီးစဉ်များကိုပါ ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်နေကြောင်း မြိတ်အခြေစိုက် ခရီးသွား ကုမ္ပဏီများထံမှ သိရသည်။

“ပြီးခဲ့တဲ့ နှစ်တွေကတော့ စမတ်ကျွန်းနဲ့ လေးကျွန်းခရီးစဉ်တွေကို ပုံမှန်ပြေးဆွဲပေး နေတာမျိုးရှိပါတယ်။ ဒီနှစ် ကတော့ ဧည့်သည်တွေ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ဖို့အတွက် ခရီးစဉ်အသစ် အနေနဲ့ နတ်သမီး ရေတွင်းကျွန်း၊ ကြယ်လိပ်ကျွန်းနဲ့ အခြားသော ကျွန်းတွေကိုပါ တိုးချဲ့ပို့ဆောင်ပေးဖို့ ပြင်ဆင်ပေးထား ပါတယ်”ဟု Sky Max Travels & Tours မှ Offce Assistant တာဝန်ခံ မအေးမြရွှေဇင်က ပြောသည်။

ယခုနှစ် ၂၀၁၉- ၂၀၂၀အတွက် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများတွင် ကျွန်းစုမြို့နယ်ရှိ ဒုံးညောင်မှိုင် ကျေးရွာ၌ CBT ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အဆိုပါအပန်းဖြေ အဆောက်အအုံနှင့်နားနေနိုင်သော ဘန်ဂလိုများဆောက်လုပ် ပြီးစီးပါက ဧည့်သည်များ ညအိမ် လှည်ပတ်ခွင့် ရရှိမည်ဟု သိရသည်။

ကျွန်းခရီးစဉ်များဖြစ်သော စမတ်ကျွန်းခရီးစဉ်အတွက် ပြည်တွင်းခရီးသည်တစ်ဦးလျှင် ရှစ်သောင်းကျပ် နှင့်ပြည်ပ ခရီးသည်တစ်ဦးလျှင် ဒေါ်လာ (၈၀)သတ်မှတ်ထားကြောင်း လေးကျွန်းခရီးစဉ်တွင် ပြည်တွင်း ခရီးသည်တစ်ဦးအတွက် ခုနစ်သောင်းကျပ်နှင့် ပြည်ပခရီးသည်တစ်ဦးအတွက် ဒေါ်လာ (၇၀) ဈေးနှုန်းများ ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly