တရားရုံးမှ ချမှတ်မည့်အမိန့်အပေါ် ကြည့်ပြီးသား ဘောလုံးပွဲတစ်ပွဲလို အဖြေကြိုသိနေဟု ကိုဇေယျာလွင်ဆို

တရားရုံးမှ ချမှတ်မည့်အမိန့်အပေါ် ကြည့်ပြီးသား ဘောလုံးပွဲတစ်ပွဲလို အဖြေကြိုသိနေဟု ကိုဇေယျာလွင်ဆို

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။         ။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နှင့် ပတ်သက်၍ တရားရုံးမှချမှတ်မည့် အမိန့်များအပေါ် ကြည့်ပြီးသားဘောလုံးပွဲ တစ်ပွဲလို အဖြေကြိုသိနေကြောင်း ဖမ်းဆီခံကျောင်းသားတစ်ဦးဖြစ်သော ကိုဇေယျာလွင်က ပြောသည်။

''ဒီနေ့ ဗိုလ်တစ်ထောင်တရားရုံးကလည်း စွဲချက်တင်တဲ့ အမိန့်ပဲချလိုက်ပါတယ်။ ဒီလို ချမှတ်တာကိုလည်း ဘာ မှမမျှော်လင့်ထားဘူး။ မရမ်းကုန်းမှာလိုပဲ စွဲချက်တင်မှာပဲ။ ဒါကို ကျွန်တော်တို့ မျှော်လင့်ထားပြီးသား။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဒီစွဲချက်ချပြီးသားအပါ်မှာ နောက်ပိုင်း ဆက်သွားရမှာပဲ။ နောက်ထပ် ဧရာဝတီတိုင်း မှာလည်း ကျွန်တော်တို့ကို ဆက်ထုတ်ဖို့အတွက် အရမး်ကို နီးကပ်နေပြီ။ သိပ်မကြာခင် ကျွန်တော်တို့ကို ထောင်ချတဲ့ အမိန့်တစ်ခုကို ကြားရတော့မှာပါ။ တရားရုံးတွေအားလုံးကတော့ ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့ အမှုတွေကို အမိန့်ချတဲ့အခါ ဘယ်လိုမျိုးပဲ တွေးလဲဆိုတော့ ကြည့်ပြီးသားဘောလုံးပွဲတစ်ပွဲကိုပြန်ကြည့်နေရသ လိုပဲ။ ဘာမှမျှော်လင့်စရာအကြောင်းမရှိဘူး။ အဖြေကို ကျွန်တော်တို့သိပြီးသားပါ။ '' ဟု တရားစွဲဆိုခံထားရသူ ကိုဇေယျာလွင်က ပြောသည်။

တပ်မတော်မှ တရားလိုပြုလုပ်ကာ ပုဒ်မ၅၀၅(က)၊ ၆၆(ဃ) တို့ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်(၇)ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေး ခဲ့ပြီး ပုဒ်မ ၅၀၅(က)နှင့် စွဲချက်တင်ကြောင်း  အမိန့်ချမှတ်ခဲ့သည်။

"ပုဒ်မ ၅၀၅(က)နဲ့စွဲချက်တင်လိုက်ပါတယ်။ ခုနစ်ဦးလုံးကလည်း သူတို့မှာအပြစ်မရှိကြောင်း ငြင်းဆိုပါတယ်။ တစ်ဦး ချင်းစီက အကြောင်းအရာ တစ်ယောက်တစ်မျိုးစီနဲ့ ငြင်းဆိုပါတယ်။ သူတို့သံချပ်သည် ခုနစ်နှစ်တိုင်တိုင် အနုပညာနဲ့ ယှဉ်တွဲပြီး ထိုးထားတဲ့သံချပ်တွေဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့မှာအပြစ်မရှိဘူး။ သံချပ်စာသား တွေမှာ ပါတဲ့ အကြောင်းအရာတွေက တပ်မတော်ကိုနိုင်ငံရေးထဲက ထွက်သွားစေလိုတယ်။လုံးဝ ထွက်သွား စေချင်တဲ့ ရည် ရွယ်ချက်နဲ့ သံချပ်ထိုးတာဖြစ်တဲ့အတွက် သူတို့မှာအပြစ်မရှိဘူး။ နောက်တစ်ယောက်ကတော့ သံချပ်စာသား ထဲမှာ ၅၀၅(က) စွပ်စွဲထားတဲ့ တပ်မတော်ကို ပြိုကွဲစေလိုတဲ့ ရည်ရွယ်ချက် တပ်မတော် လုပ်ငန်း တွေ မဆောင်ရွက်စေလိုတဲ့ ရည်ရွယ်ချက် မပါတဲ့အတွက် ၅၀၅(က)ကို ကျူးလွန်ခြင်းမရှိတဲ့အတွက် သူ့မှာအပြစ် မရှိဘူးလို့ ထွက်ဆိုတယ်။ အဲ့လိုတစ်ယောက်ချင်း ငြင်းဆိုသွားပါတယ်။"ဟု စွပ်စွဲခံရသူများဘက်မှ လိုက်ပါ ဆောင်ရွက် ပေးနေသော တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း သံချပ်ဖြင့် ဖျော်ဖြေခဲ့သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ သံချပ်စာသား များသည် တပ်မတော်အားပုတ်ခတ်ပြောဆိုမှုများ ပါဝင်ခဲ့သောကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်ကာ ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးတွင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့်၊ ကိုချစ်ယုံ၊ ကိုဖိုးသားနှင့် မကေခိုင်ထွန်းတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)နဲ့ တရားစွဲထားတာ ဖြစ်သည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly