ဘိုးဘွားပိုင်မြေဧကများကို အစိုးရမှသိမ်းဆည်းထားမှုအပေါ် ဒေသခံတောင်သူများ ပြင်းထန်စွာ ကန့်ကွက်

ဘိုးဘွားပိုင်မြေဧကများကို အစိုးရမှသိမ်းဆည်းထားမှုအပေါ် ဒေသခံတောင်သူများ ပြင်းထန်စွာ ကန့်ကွက်

စက်တင်ဘာလ ၃၀ ။        ။ ချင်းပြည်နယ်၊ဟားခါးမြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ ဘိုးဘွားပိုင်မြေများကို အစိုးရမှသိမ်းယူကာ စည်ပင်ဧရိယာအဖြစ်သတ်မှတ်ခြင်းအပေါ် ဒေသခံတောင်သူများက ပြင်းထန်စွာကန့်ကွက်ကြောင်း ဒေသခံတောင်သူများက မီဒီယာများကို ပြောသည်။

" သူတို့က ကျွန်မတို့ဟားခါးတွေက ဘိုးဘွားပိုင်မြေရှိတယ်ဆိုတာသူတို့ကလုံးဝမသိပါဘူး။ မသိတဲ့ အခါကျတော့ ဒီနေရာက ငါတို့စည်ပင်ဧရိယာပဲဆိုပြီးတော့ အစိုးရမြေတွေပဲဆိုပြီး သူတို့ကြိုက်သလို လုပ်တဲ့ဟာကို ကန့်ကွက်ချင်တာပါ။ သဘောလုံးဝမတူဘူး။ လုံးဝ မဖြစ်သင့်ပါဘူး။ ဖြစ်လည်းမဖြစ်နိုင် ဘူး။ ဒီစကားတွေကြားမယ်ဆိုတော့ သူတို့ဆက်လက်ဖော်ဆောင်မှမဟုတ်တော့လို့ထင်ပါတယ် " ဟု ချင်းတိုင်းရင်းသား တောင်သူလယ်သမားအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်ကြာမဲင်း က ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ တိုင်းရင်းသားတို့၏ ဖိနှိပ်ခံနေရမှုများ၊ ဆုံးရှုံးနေသောလူ့အခွင့်အရေး၊ တရားဥပဒေ၏အကာကွယ်မရရှိခြင်း၊ လက်ဝယ်ပြန်လည်မရရှိသေးသည့် အသိမ်းခံတောင်ယာမြေ များကို ဒေသခံတောင်သူလယ်သမားကပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ပိုင်းအချိန်က ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ် ရှိ မြန်မာပရက်ဖရီဒန်းစင်တာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"တောင်းဆိုချင်တာက အဲဒါကို အစိုးရက သိပေးဖို့၊အဲဒီနေရာလေးကို ပြန်နေချင်ပါတယ်။အဲဒီနေရာကို ပြန်လိုချင်တာပဲ ရှိပါတယ်။ မလုပ်ပေးဘူးဆိုရင်တော့ ကျွန်မလည်း ဘယ်လိုလုပ်မလဲဆိုတော့ ဘာမှ မရှိပါဘူး။ဝမ်းနည်းတာတော့ သူတို့သိစေချင်ပါတယ်" ဟု ဟားခါး မြို့သစ်စီမံကိန်းကြောင့်နေထိုင် သည့်အိမ်နှင့်မြေယာများ ပါဝင်သွားခဲ့သည့် ဖမ်းမဲင်းတီလ်က ပြောသည်။

အဆိုပါ စီမံကိန်းကို ဟားခါးမြို့အပြင်ရှိ မြေဧက ၆၇၆ ဧက တွင် အကောင်ထည်ဖော်နေခြင်း ဖြစ်ပြီး မြေနေရာ မရှိသူများ၊ဆင်းရဲသားများနှင့် အိမ်ထောင်ဦးစီးမရှိသူများကို ဦးစားပေးချထားပေးမည့် စီမံ ကိန်းများ ဖြစ်ကြောင်းကို ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုးထက်က ပြည်တွင်းမီဒီယာများကိုပြောဆိုထားသည်။ ယင်းစီမံကိန်း မြေနေရာသည် ဟားခါးမြို့မှ ထန်တလန်မြို့သို့သွားသော ကားလမ်းနံဘေး ဂေါက်ကွင်းအနီးတွင် တည်ရှိကြောင်း သိရသည်။

"အခုကသူတို့ပိုင်ဆိုင်မှုအထောက်အထားတွေလည်း ရှိတယ်။ အရင်ထဲက လုပ်ကိုင်စားသောက် နေထိုင်တဲ့လူတွေလည်းရှိတယ်။ အဲဒါမှ ပြည်သူလူထုကိုမျက်နှာထောက်ရမယ်။ ပြည်သူလူထု ရဲ့ဆန္ဒကို လိုက်ရမယ်လို့ ကျွန်မမြင်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပါ။ အဓိကတောင်းဆို ချင်တာက ကျွန်မတို့ မြေကိုပြန်ရစေချင်တယ်။ အခုကသူတို့မြေကွက်ကို သိမ်းပြီးသား မြေကို ပြန် ရစေချင်တယ်။ ပြန်ညှိနှိုင်းစေချင်တယ်။မညှိနှိုင်းစေချင်ရင် ရပ်ဆိုင်းပေးစေချင်တယ် " ဟု ထန်ထလန် မြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇာတလဲမ်း က ပြောသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ဒေသခံတောင်သူများ က ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသေးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required