ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ သီလရှင်တစ်ပါးခုန်ချ၊ အသက်သေဆုံးခြင်းမရှိ

ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ သီလရှင်တစ်ပါးခုန်ချ၊ အသက်သေဆုံးခြင်းမရှိ
ဓာတ်ပုံ - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)

စစ်ကိုင်း၊ စက်တင်ဘာ ၃၀ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ဧရာဝတီတံတား(ရတနာပုံ)ပေါ်တွင် စက်တင်ဘာ ၃ဝရက် နံနက် ၁၁နာရီ အချိန်ခန့်၌ တံတားပေါ်မှ ရေထဲသို့ ခုန်ချသွားသည့် သီလရှင်တစ်ပါးကို အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့(စစ်ကိုင်း)နှင့် ရေလုပ်သားများတို့က ပူးပေါင်းကာအသက်ရှင်စွာဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့(စစ်ကိုင်း)မှ အတွင်းရေးမှူး ကိုစိုးနှင်းဦးက‌ပြောသည်။

"သီလရှင်လေးမှာ IBEC ဘကကျောင်းက ကိုးတန်းကျောင်းသူလေးလို့ သိရပါတယ်။ ဘာကြောင့် ခုန်ချတာလဲ ဆိုတာမေးလို့မရဘူး"ဟု ကိုစိုးနှင်းဦးက‌ပြောသည်။

စက်တင်ဘာ ၂၉ ရက်နေ့တွင် အင်းဝတံတားမှခုန်ချခဲ့သည့် အမျိုးသားအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ ရေပြင်ရှာ‌ဖွေရေး လုပ်ဆောင်နေစဉ် အသက် ၁၅နှစ်အရွယ် သီလရှင်ဆရာလေးအား ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ ဧရာဝတီ မြစ်အတွင်းခုန်ချမှုကို မြင်တွေ့၍ သွားရောက်ကယ်ဆယ် ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ ခုန်ချသောအသက် ၁၅နှစ်အရွယ် သီလရှင်ဆရာလေးကို ယခု လက်ရှိတွင် စစ်ကိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required