ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခွင့် ပြုမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်

ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခွင့် ပြုမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်
 ဓာတ်ပုံ - သူရိယထက်

မုံရွာ၊စက်တင်ဘာ ၃၀ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ၌ မြန်မာယန်စီကုမ္ပဏီမှ ဓာတ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် မုံရွာမြို့တွင် စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒေသခံများအား ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဗိုလ်ချုပ်လမ်း တိုင်းစည်ပင်သာယာရေးရုံးရှေ့ စုရပ်မှစတင်၍ ကျောက္ကာလမ်းအထိ လူဦးရေ တစ်ထောင်ကျော်က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"မြန်မာယန်စီကုမ္ပဏီက ဝါးစိမ်းတောင်ဒေသကို ဓာတ်သတ္တုရှာဖွေစမ်းသပ် တိုင်းတာရေး တိုးချဲ့နေရာလျှောက်တဲ့အပေါ်မှာ ကျွန်တော်တို့ဒေသခံတွေက လက်မခံဘူး။ လက်မခံတဲ့အထဲက ဒေသခံလူထုနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတွေက တွေ့ဆုံပြီး သဘောထားမှတ်ချက်တွေယူသွားပြီးတော့ ပြည်ထောင်စုအစိုးရကိုတင်တော့ ဧက ၂၈၁၃၆ ဧကကို ကန့်ကွက်ရန်မရှိဆိုပြီး အစီရင်ခံစာတင်လိုက်တယ်။အဲဒီတင်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ဒေသခံပြည်သူလူထုက လက်မခံတဲ့အကြောင်း ဒီစီမံကိန်းကို လုံးဝလက်မခံနိုင်လို့ ပြည်ထောင်စုဝန်ကြီးတွေ သက်ဆိုင်ဌာနတွေ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတတို့ အကုန်သိနိုင်အောင် ကန့်ကွက်ဆန္ဒပြတာပါ"ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူ ကိုလှမင်းနိုင်ကပြောသည်။

ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တုစမ်းသပ်တူးဖော်ရေး လုပ်ပိုင်ခွင့်ကို တရုတ်နိုင်ငံမြန်မာယန်စီကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့က ဒေသခံလူထု၏သဘာထားများကို ဆန့်ကျင်လျက် ခွင့်ပြုလိုက်ပြီး ဝါးစိမ်းတောင်သတ္တုစမ်းသပ်တူးဖော်ရေးစီမံကိန်းအပြည့်အစုံမှာ ယင်းမာပင် ဆားလင်းကြီးနှင့်ကနီမြို့နယ် တို့မှ မြေဧရိယာ အကျယ်အဝန်း ၁၁၂၉၈၂ ဧကဖြစ်ပြီး ကနဦး ၂၈၁၃၆ ဧကကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"လက်ပံ့တောင်းတောင်မှာ လုပ်ခဲ့တဲ့ဆိုးကျိုးညစ်ညမ်းမှုတွေ ပတ်ဝန်းကျင်ရိုက်ခိုက်မှုတွေ ကျွန်တော်တို့မြင်တွေ့နေရတယ်။မြင်တွေ့နေရတော့ ကျွန်တော်တို့က တိုင်းအစိုးရကနေ ကန့်ကွက်ရန်မရှိဆိုပြီး သဘောထားမှတ်ချက်ပေးပို့ခြင်းရဲ့ နောက်ကွယ်မှာက စိန်ခေါ်မှုတွေ အများကြီးပါလာနိုင်လို့ ဆန္ဒပြတာ။ဘာတွေပါလာနိုင်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံစီမံကိန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံရဲ့အသွားအလာအနေထားရ စီမံကိန်းနယ်မြေကို စမ်းသပ်ပြီးတာနဲ့ တန်းပြီးသတ်မှတ်တာတွေရှိတယ်။ တန်းပြီးတူးဖော်ထုတ်လုပ်တယ်။ကျွန်တော်တို့ဒေသကို စမ်းသပ်ပြီး တူးဖော်ထုတ်လုပ်လာရင် ဒေသခံတွေရဲ့ပြဿ နာတွေ၊ သဘာဝပတ်ဝန်းကျင်းညစ်ညမ်းမှုတွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရှေ့မှာလဲ လူထုကိုလုံခြုံမှုမပေးနိုင်တဲ့လုပ်ကွက်တွေရှိတယ်။ အခုခွင့်ပြုလိုက်တဲ့ ဧက ၂၈၁၃၆ ဧကထဲမှာ မြေယာနဲ့ပတ်သက်ပြီး ပြဿ နာတွေ မရှင်းနိုင်တာအများကြီးရှိတယ်" ဟု ကိုလှမင်းနိုင်ကပြောသည်။

စီမံကိန်းဆောင်ရွက်မည်ဆိုပါက   စီမံကိန်းဧရိယာအတွင်း ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၃၉ ကျောင်း၊ စိုက်ပျိုးမြေ၊ စားကျက်မြေ၊ သာသနာ့မြေ၊ ကြိုးဝိုင်းကြိုးပြင် သစ်တောမြေများနှင့် ဒေသခံ ကျေးရွာသား ရှစ်သောင်း ကျော်တို့၏ လူမှုဘဝ များ ထိခိုက် ပျက်စီး သွားနိုင်ကြောင်း ဒေသခံများကပြောသည်။

ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်မေရီက  ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့ရာ စီမံကိန်းကို ဒေသခံပြည်သူလူထုလက်ခံမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်လွှတ်တော်ကိုလည်း အသိပေးမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြန်လည်ဖြေကြားထားသည်။

"မြန်မာယန်စီကုမ္ပဏီက ဝါးစိမ်းတောင်ဒေသမှာ ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခြင်း ခွင့်ပြုလိုက်တာဟာ ဒေသခံပြည်သူလူထုကို လျစ်လျူရှုသလို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကိုလဲ ခေါ်ယူညှိနှိုင်းမှုတွေ မရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဌာန အားလုံကို ကန့်ကွက်ကြောင်း စာပို့သွားမယ်"ဟု ဝါးစိမ်းတောင်ဒေသတွင် မြန်မာယန်စီကုမ္ပဏီမှ ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခြင်းအပေါ် ကန့်ကွက်ဆန္ဒပြပွဲတွင် လာရောက်ဝန်းရံသူ ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် ဝါးစိမ်းတောင်ဒေသ၌ မြန်မာယာန်စီကုမ္ပဏီမှ ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခြင်းအား အလိုမရှိ၊ ဒေသခံပြည်သူများ၏ ဆန္ဒမပါဘဲ ပြည်ထောင်စုဝန်ကြီးထံ တိုင်းအစိုးရ၏သဘောထားမှတ်ချက်ပေးပို့ခြင်းအား အလိုမရှိ၊ ဒေသခံပြည်သူများ၏ ဘဝလုံခြုံရေးကို အလေးမထားသော ကုမ္ပဏီများအား အလိုမရှိ၊ ဝါးစိမ်းတောင်ဒေသရှိ သယံဇာတများ ထိန်းသိမ်းကာကွယ်ရေး ဒို့အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဒို့အရေး စသည့် အချက်  များကို  ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required