မကွေးတိုင်းအတွင်း ခွေးကိုက်ခံရသူ နှစ်ထောင်ကျော်အနက် ခွေးရူးကိုက်ခံရသူ ၁၉ ဦး ရှိ

မကွေးတိုင်းအတွင်း ခွေးကိုက်ခံရသူ နှစ်ထောင်ကျော်အနက် ခွေးရူးကိုက်ခံရသူ ၁၉ ဦး ရှိ

မကွေး၊ စက်တင်ဘာ ၂၉ ။          ။ ၂၀၁၈ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးအတွင်း၌ ခွေးကိုက်ခံရသူ နှစ်ထောင်ကျော်အနက် ခွေးရူးကိုက်ခံသူ ၁၉ ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးဦးထံက သိရသည်။

စက်တင်ဘာ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းတွင် ကျင်းပသည့် ၁၃ ကြိ်မ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတို်က်ဖျက်ရေးနေ့ (World Rabies Day) အထိမ်းအမှတ်အခမ်းအနားမှ တဆင့် သိရသည်။

“ မကွေးတိုင်းဒေသကြီးအတွင်းမှာ တိုင်းကျန်းမာရေးဦးစီးဌာနက ဆေးမှတ်တမ်းတွေအရ ခွေးရူးကိုက်ခံရသူ ၁၉ ဦး ရှိတယ်၊ ခွေးကိုက်ခံရသူ ၂၃၃၆ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက သိရတာပါ၊ ခွေးရူးရောဂါဆိုတာ တိရိစ္ဆာန်ကနေ လူကို ကူးတဲ့ရောဂါတွေထဲမှာ အရေးကြီးတဲ့ရောဂါ ဖြစ်တယ်။ ရောဂါ ကူးတယ်။ ရောဂါ လက္ခဏာ ပြရင် ရာခိုင်နှုန်းပြည့် သေဆုံးမှု နီးစပ်တယ်။ သို့သော်လည်း ခွေးရူးရောဂါကာကွယ်ဆေးကို အကိုက်မခံရခင်ရော၊ ကိုက်ခံရ ပြီးရင်ရော စနစ်တကျ ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးဦးက ပြောသည်။

ထို့ကြောင့် ခွေးရူးကိုက်ခံရပါက နီးစပ်ရာဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးရန် လိုအပ်ပြီး ဆေးကုသမှု မခံယူပါက အသက်ပါ သေဆုံးနိုင်သည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၁၀၀၇ ဦး၊ ခွေးရူးကိုက်ခံရသူ ၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၁၆၁၈ ဦး၊ ခွေးရူးကိုက်ခံရသူ ၄ ဦး၊ ၂၀၁၇ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၂၅၂၈ ဦး၊ ခွေးရူးကိုက်ခံရသူ ၅ ဦး၊ ၂၀၁၈ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၂၃၃၆ ဦး၊ ခွေးရူးကိုက်ခံရသူ ၁၉ ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးတွင် နှစ်စဉ် စက်တင်ဘာ၂၈ ရက်နေ့တွင် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးများကို နှစ်စဉ် အခမဲ့ ခွေးရူးရောဂါကာကွယ်ဆေး ထိုးပေးကြောင်း သိရသည်။

နှစ်စဉ် မကွေးတိုင်းအတွင်း ခွေးများအတွက် ခွေးရူးရောဂါကာကွယ်ဆေး ၂၀၀၀ ခန့် အခမဲ့ ထိုးပေးလျှက် ရှိကြောင်း တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  သိရသည်။

၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းများအရ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းကျော် အထိ ရှိနေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွေးကိုက်ခံရသူလူနာများဆိုင်ရာ အချက်အလက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်၂၀၁၉ ခုနှစ်အတွင်း လစဉ် ခွေးကိုက်ခံရသူပေါင်း ၁၀၀၀၀ ဦးအထိ ရှိနေသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစာရင်းများအရ တစ်နိုင်ငံလုံးအနေဖြင့် ခွေးကိုက်ခံရခြင်းကြောင့် သေဆုံးသူနှုန်းမှာ ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ၁၀၀၀ ဦး၊ ၂၀၁၁ ခုနှစ် တွင်၂၄၅ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၇၁ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၄၁ ဦးရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly