မင်ဘူးဒေသထွက် အော်ဂင်းနစ်သြဇာသီး ပေါ်ချိန်နောက်ကျသော်လည်း စျေးကောင်းရ

မင်ဘူးဒေသထွက် အော်ဂင်းနစ်သြဇာသီး ပေါ်ချိန်နောက်ကျသော်လည်း စျေးကောင်းရ

မင်းဘူး၊ စက်တင်ဘာ ၂၉ ။         ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှ ထွက်ရှိသော သဘာဝသီးနှံ အော်ဂင်းနစ်သြဇာသီးသည် ယခုနှစ်တွင် ပေါ်ချိန် နောက်ကျသော်လည်း စျေးကောင်းရရှိနေကြောင်း သြဇာသီးစိုက်တောင်သူများထံမှ သိရသည်။

မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ကျွဲသုံးမြှောင်ကျေးရွာ၊ သြဇာသီးစျေးကွက်တွင် အသီးအကြီး ၁၀ လုံး ပေါက်စျေး ၅၀၀၀ ကျပ်၊ အလတ် ၁၀ လုံး ပေါက်စျေး ၄၀၀၀ ကျပ်နှင့် အသေး ၁၀ လုံးလျှင် ၃၀၀၀ ကျပ်နှုန်း ရောင်းချရကြောင်း သြဇာသီးစိုက်တောင်သူ ဒေါ်သန်းသန်းမျိုးက ပြောသည်။


“ ရာသီဥတုမမှန်တာရယ်ကြောင့် သြဇာသီးပေါ်ချိန် နောက်ကျပါတယ်၊ တစ်ချို့စိုက်ခင်းတွေက အသီးသီးချိန် ရှဉ့်သတ္တဝါ ဝင်ရောက်ဖျက်ဆီးတဲ့ဒဏ် မခံနိင်တာကြောင့် လျှော်ဖြူ အစားထိုးစိုက်လာကြတယ်လေ၊ ဒါကြောင့် ဒီနှစ် သြဇာသီး ရှားပါးနိုင်တယ်၊ ကျွန်မတို့က ဘိုးဘွားလက်ထက်ကတည်းက တစ်ရွာလုံး သြဇာသီး စိုက်ပျိုးလာကြတာပါ။ ဘာဓာတုဆေးဝါးမှ မသုံးကြဘူး။ သဘာဝမြေမှာ အရိုးခံ စိုက်လာကြတာပါ၊ ဒါကြောင့် ဓါတုဆေးလွတ် အော်ဂင်းနစ်အသီးလို့ နာမည်ကြီးပြီး မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေး အစရှိတဲ့ မြို့တွေက လာဝယ်ကြပါတယ်” ဟု ဒေါ်သန်းသန်းမျိုးက ပြောသည်။

သြဇာသီးသည် တစ်နှစ်လျှင် တစ်ခါသာ သီးပြီး အပင်ကြီးလျှင် အလုံးရေ ၂၀၀ ခန့်၊ အပင်သေးလျှင် အလုံးရေ ၈၀ ခန့် သီးကြောင်း၊ ဝါခေါင်လတွင် အသီးအကင်းကလေးများ စတင်ထွက်ပေါ်လာပြီး တော်သလင်းလပြည့် ကျော်လျှင် အသီး ကြီးထွားလာကာ အသီးရင့်ချိန် ခူးဆွတ်ပြီး သုံးရက်ခန့်အုပ်ပေးရသည်ဟု ကျွဲသုံးမြှောင် ကျေးရွာ သြဇာသီးစိုက်တောင်သူ ဦးမျိုးသက်က ပြောသည်။

“ ကျွန်တော်က သုံးဧကလောက်မှာ အပင်ရေ ၂၀၀ ကျော် သြဇာခင်း စိုက်ထားပါတယ်၊ စိုက်ပြီး လေးနှစ်အရွယ် ရောက်ရင် အသီး စသီးပါပြီ၊ တစ်နှစ်ကို ဝင်ငွေ ကျပ် ၁၅ သိန်းလောက် အမြတ်ရပါတယ်၊ ဒီနှစ် အသီးထွက်တာ နောက်ကျတယ်။ အခုမှ စျေးကွက်ထဲရောက်တာ တစ်ပတ်မပြည့်သေးပါဘူး” ဟု ဦးမျိုးသက်က ပြောသည်။

ထို့ကြောင့် ယခုနှစ်တွင် ရက်သတ္တပတ် တစ်ပတ်ခန့် နောက်ကျကာ စျေးကွက်အတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။

သြဇာသီးကို ကျွဲသုံးမြှောင်ကျေးရွာတွင် ရှေးအစဉ်အဆက်ကတည်းက စိုက်ပျိုးခဲ့ကြသော်လည်း ရာသီဥတုဒဏ်၊ ကျေးငှက်ဒဏ်များကြောင့် ယခုအခါ စိုက်ပျိုးသူ လျော့ကျလာနေသည်။

“ မိုးကောင်းရင် ကောင်းသလို အသီးထွက်နှုန်းကောင်းတယ်။ ဒီနှစ် မိုးမကောင်းတော့ အထွက်နှုန်း ကျတယ်၊ အရင်က တစ်ရွာလုံး သြဇာသီး စိုက်လာကြတာပါ။ ခက်တာက အသီး သီးတဲ့အခါ ရှဉ့်တွေက ဝင်စားကြတယ်၊ အခင်းတွေ ပျက်စီးလာတယ်။ ဒါကြောင့် တစ်ချို့က လျှော်ဖြူ အစားထိုး စိုက်လာကြတယ်၊ ကျွန်တော်တို့စီက သြဇာခင်းတွေ စိုက်တဲ့အခါ၊ အသီးသီးလာတဲ့အခါ ဘာဓါတုဆေးမှ မသုံးကြပါဘူး ဒီအတိုင်းသဘာဝအတိုင်း
စိုက်ပျိုးပြီး သီးလာတဲ့အသီးမလို့ အော်ဂင်းနစ်အသီးလို့ အသိမှတ်ပြုပြီး လာဝယ်ကြတယ်” ဟု တောင်သူ ဦးမျိုးသက်က ဆက်ပြောသည်။

မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ကျွဲသုံးမြှောင်ကျေးရွာသည် မကွေး-မင်းဘူး ကားလမ်းမ ဘေးတွင် တည်ရှိပြီး ယခုအခါ တောင်သူအချို့က သြဇာသီးအစား ဝင်ငွေ သုံးဆခန့် ပိုရသော လျှော်ဖြူ အစားထိုး စိုက်ပျိုးလာကြသည်။

သြဇာသီး စိုက်ပျိုးပါက တစ်နှစ်လျှင် ကျပ် ၁၅ သိန်းခန့်သာ ရရှိပြီး လျှော်ဖြူက တစ်နှစ်လျှင် ကျပ်သိန်း ၅၀ ခန့် ဝင်ငွေ ရရှိကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly