အနိုင်သုံးမှတ်က အရေးကြီးဆုံးအရာပါ - ဝီနယ်လ်ဒမ်

အနိုင်သုံးမှတ်က အရေးကြီးဆုံးအရာပါ - ဝီနယ်လ်ဒမ်

လီဗာပူးလ်အသင်းကွင်းလယ်လူ ဝီနယ်လ်ဒမ်က ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ ခက်ခက်ခဲခဲ အနိုင်သုံးမှတ်ရယူနိုင်ခဲ့တာဟာ အရေးကြီးဆုံးအရာဖြစ်တယ်လို့ ဆိုခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် အခုလိုပွဲမျိုးတွေမှာ အနိုင်ရဖို့ ရုန်းကန်နေရခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံနဲ့ တာထွက်နေပေမယ့် ရှက်ဖီးလ်အိမ်ကွင်းမှာတော့ ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ဝီနယ်လ်ဒမ်ရဲ့ မိနစ် (၇၀)မှာ volley ကန်ချက် အနိုင်ဂိုးကလည်း ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့အမှားကနေ ရရှိခဲ့တာပါ။

ဒီပွဲအနိုင်ရခဲ့တာက လီဗာပူးလ်တို့အတွက် ပရီးမီးယားလိဂ်အဖွင့် (၇)ပွဲဆက် အနိုင်ရစေခဲ့တာဖြစ်သလို ဇယားထိပ်ဆုံးမှာ ရပ်တည်ပြီး ပြိုင်ဘက်တွေကို ပြတ်သားစွာ ဦးဆောင်နိုင်စေတာလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ ဝီနယ်လ်ဒမ်က "ကျနော်တို့အသင်း ပွဲအစမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ ကျနော်တို့ ပထမပိုင်းမှာ ဘာလုပ်ခဲ့သလဲဆိုတာကို နည်းပြက ပြန်ပြခဲ့တယ်။ ကျနော်တို့ ကစားပွဲကို အလွန်ပဲ နှေးကွေးစေခဲ့တယ်။ ဒါ့ကြောင့်ပဲ သူတို့က ကျနော်တို့ရဲ့ တိုက်စစ်ကို ရပ်တည့်နိုင်ခဲ့တယ်။ ဒါဟာ ခက်ခဲခဲ့ပါတယ်။

"ဒုတိယပိုင်းမှာတော့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ပြဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အကောင်းဆုံးပွဲတောင် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ထပ် နိုင်ပွဲရခဲ့တယ်။ ဒါက အရေးကြီးဆုံးအရာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် ဒီလိုမျိုးပွဲတွေ အနိုင်ရဖို့ ကျနော်တို့ ရုန်းကန်းခဲ့ရပါတယ်။ ဒီရာသီနဲ့ ပြီးခဲ့တဲ့ရာသီမှာလည်း အတော်လေး ကောင်းမွန်နေတယ်လို့ဆိုရမှာပါ။"လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၁၆)ပွဲဆက် အနိုင်ရထားပြီး ၂၀၁၇ သြဂုတ်လမှ ဒီဇင်ဘာလအထိ (၁၈)ပွဲဆက် အနိုင်နဲ့အတူ လိဂ်စံချိန်တင်ထားတဲ့ မန်စီးတီးရဲ့ မှတ်တမ်းကို လိုက်မီဖို့ (၂)ပွဲသာ လိုတော့ပါတယ်။

ဒါ့အပြင် ကြိုးကြာနီတို့ဟာ ၂၀၀၅-၀၆ ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် (၉)ပွဲဆက် အနိုင်ကို လိုက်မီဖို့ (၂)ပွဲသာ လိုတော့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly