ရီးယဲလ်မက်ဒရစ်မှာ ဟာဇက် ကောင်းမွန်လာပါလိမ့်မယ် - ဇီဒန်း

ရီးယဲလ်မက်ဒရစ်မှာ ဟာဇက် ကောင်းမွန်လာပါလိမ့်မယ် - ဇီဒန်း

ဟာဇက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ ယူရိုသန်း (၁၀၀) နဲ့ ရီးယဲလ်မက်ဒရစ်ကို ရောက်ရှိလာပြီးနောက်ပိုင်း အစပိုင်း အထနှေးနေပေမယ့် သူဟာ အသင်းမှာ  ကောင်းမွန်လာလိမ့်မယ်လို့ ဇီဒန်းက အခိုင်အမာ ပြောပါတယ်။

ဟာဇက်ဟာ ပေါင်ဒဏ်ရာကြောင့် ရီးယဲလ်ရဲ့ ဆဲလ်တာဗီဂိုနဲ့ လာလီဂါအဖွင့်ပွဲအပြင် ဒီရာသီရဲ့ ပထမဆုံး ပွဲစဉ် (၃)ပွဲကို လွဲချော်ခဲ့ပါတယ်။

သူဟာ လီဗန်တေးနဲ့ ပွဲမှာ ကွင်းအတွင်း လူစားလဲဝင်ရောက်ကစားခဲ့ပြီး ပီအက်စ်ဂျီ၊ ဆီဗီလာတို့ ပွဲစဉ်တွေမှာတော့ စတင်ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အသင်းသစ်အတွက် ဂိုးသွင်းယူခြင်း (သို့) ဂိုးဖန်တီးပေးထားခြင်းတော့ မပြုလုပ်နိုင်သေးပါဘူး။

ရီးယဲလ်အသင်းဟာ ဒီအပတ် စနေနေ့မှာ မြိုခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။

"ကျနော်တို့မှာ ရှိတဲ့ ကစားသမားရဲ့ အရည်အချင်းကို သိထားပါတယ်။ ဘယ်အခိုက်အတန့်မဆိုမှာ သူ တု့ံပြန်လိမ့်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဆီဗီလားနဲ့ ပွဲမှာ ဒါကို သူ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ...."လို့ ဇီဒန်းက သောကြာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

"ဟုတ်ပါတယ်။ လူတိုင်းကတော့ သူဆီကနေ အများကြီး မျှော်လင့်ထားပြီး ဒါကိုလည်း သူက သိပါတယ်။ ဒါပေမယ့် ကျနော်တို့ သူ့ကို ထောက်ပ့ံပေးမှာဖြစ်ပြီး ကျနော်တို့နဲ့အတူ သူရှိပါတယ်။ သူဟာ တစ်ပွဲပြီး တစ်ပွဲ  ရီးယဲလ်မက်ဒရစ်မှာ ကျနော်တို့ အလိုရှိတဲ့ ကစားသမားဖြစ်တယ်ဆိုတာ သေချာပါတယ်။"

ရီးယ်လ်အသင်းဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို (၃-၀)ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် လာလီဂါမှာ ဆီဗီလာနဲ့ အိုဆာဆူနာတို့ကို အနိုင်ယူပြီး ပြန်လာနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုကတော့ ပြီးခဲ့တ လိဂ်ပွဲစဉ်တွေမှာ ဆိုစီဒက်အသင်းကို ရှုံးနိမ့်ပြီး ဆဲလ်တာဗီဂိုအသင်းကို အိမ်ကွင်းမှာ သရေကျပြီးနောက် ဗုဒ္ဓဟူးနေ့က တန်းတက် မာယော့ကာအသင်းကို အနိုင်ထားပါတယ်။

"ကျနော်တို့ အရာအားလုံး ပေးဆပ်သွားမှာပါ။ ကျနော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မနက်ဖြန်မှာ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာဆိုတာ ဘယ်လောက် ခက်ခဲသလဲဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့တစ်တွေဟာလည်း ဒီခက်ခဲမှုကို ကြုံတွေ့သွားရမှာပါ။"လို့ ဇီဒန်းက ပြောပါတယ်။

အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ရာသီကြို ခြေစမ်းပွဲမှာ မက်ဒရစ်ကို (၇-၃)ဂိုး ပြတ်နဲ့ အနိုင်ရထားပါတယ်။

အဆိုပါပွဲရလဒ်က လာမယ့် ဒါဘီပွဲမှာ အကျိုးသက်ရောက်မှု ရှိ၊ မရှိ မေးမြန်ရာမှာတော့ ဇီဒန်းက "အဲဒီရလဒ်က ဒီပွဲကို ဘာမှ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။"လို့ တု့ံပြန်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly