ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပခဲ့သော ဒေါ်နော်အုန်းလှတို့ကို အောက်တိုဘာ နှစ်ရက်နေ့ အမိန့်ချမည်

ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပခဲ့သော ဒေါ်နော်အုန်းလှတို့ကို အောက်တိုဘာ နှစ်ရက်နေ့ အမိန့်ချမည်
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ။        ။ ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့သဖြင့် ဖမ်းဆီးခံထားရသော ဒေါ်နော်အုန်းလှ နှင့် ကရင်လူငယ်နှစ်ဦးကို  အောက်တိုဘာ ၂ရက်နေ့၌ အမိန့်ချမှတ်သွားမည်ဟု ကျောက်တံတားမြို့နယ် တရားရုံးမှ သိရသည်။

စက်တင်ဘာလ ၂ရရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် ဒေါ်နော်အုန်းလှနှင့် နှစ်ဦးကို ရုံးထုတ် စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၂ ရက်နေ့တွင် အမိန့်ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံအရှေ့တွင်  သြဂုတ်လ ၁၂ ရက်နေ့က ၆၉ နှစ်မြောက် ကရင့် အာဇာနည်နေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့မှုအတွက် ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ် စသိန်းဇော်မင်း၊ စောအဲလ်ဘတ်ချိုတို့သုံးဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းမှ ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့်အမှုဖွင့်ခဲ့သည်။

''အစကတည်းက မပူးပေါင်းထားတော့ တရားသူကြီးပဲ မေးလိုက်တယ်။ တရားသူကြီးက ဒီအမှုနဲ့ပတ်သတ်ပြီး တော့ ပြောချင်တာရှိလားမေးတော့ ပြောစရာလည်း မရှိဘူး။ ကျွန်မတို့ အစစ်လည်း မခံဘူးပြောထားပြီးသား။ လျှောက်လဲချက်လည်း ပေးစရာမရှိဘူး ပြောလိုက်တယ်။ အဲ့ဒါနဲ့ နောက်လ ၂ရက်နေ့ ရုံးချိန်းပေးလိုက်တယ်။ အဲ့နေ့ အမိန့်ချမယ်။''ဟု တရားစွဲဆိုခံထားရသူ ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှက ပြောသည်။

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို မူလကမကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပရန် စီစဉ် ခဲ့သော်လည်း ကရင့်အာဇာနည်နေ့ခေါင်းစဉ်ဖြင့် မကျင်းပရန် တိုင်းဒေသကြီးအစိုးရက စာထုတ်၍ တားမြစ် ခဲ့သည်။ ထိုသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တားမြစ်ခဲ့သော်လည်း ကရင့်အာဇာနည်နေ့ဆိုသည့် ခေါင်းစဉ် ဖြင့်သာ ကျင်းပခဲ့သည်။

''ဒီကိစ္စက အရမ်းကိုကြီးကျယ်တယ်။ ကျွန်တော်တို့ ကရင်လူမျိုးတွေအနေနဲ့ ကရင်လူမျိုးတစ်ယောက် ဒုက္ခရောက်တာ ကရင်တစ်မျိုးသားလုံး ဒုက္ခရောက်တာနဲ့ အတူတူပဲ။ နော်အုန်းလှတို့ ဒီလိုလုပ်တာဟာ ကျွန်တော်တို့ ကရင်လူမျိုးရဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခုကို ကရင်အမျိုးသားအနေနဲ့ ဖော်ထုတ်တာ ဖြစ်တယ်။ အဲ့တော့ ဒီအစိုးရကို ကျွန်တော်တို့ မေးခွန်းထုတ်ချင်တယ်။ ဒီကနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထွေထွေ သဟဇာတဖြစ်ရေး ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ လုပ်ငန်း စဉ်မှာ ဒီဟာတွေမှာ အများကြီး ထိခိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ ကရင်တိုင်းရင်းသားတွေ မဟုတ်ဘူး၊ ကျန်တဲ့ တိုင်းရင်းသားတွေပါ အများကြီး သံသယရှိသွားပြီ။ '' ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောသည်။

အဆိုပါကိစ္စအတွက် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးရန် စက်တင်ဘာ ၂ရရက် မနက်ပိုင်းက ကရင်တိုင်းရင်းသားအချို့သည်မဟာဗန္ဓုလပန်းခြံမှ ကျောက်တံတားမြို့နယ်တရားရုံးအထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေး၊ နော်အုန်းလှ၊ စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့အား ချက်ချင်း လွှတ်၊ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှရရှိရေး၊ တိုင်းရင်းသားများကို ဖိနှိမှုများရပ် စသော စာတန်းပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ကျောက်တံတားမြို့နယ် တရားရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။

 
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly