ဘောလုံးအေးဂျင့်လောကထဲ ဝင်လာဖို့ရှိနေတဲ့ ဒေးဗစ်ဘက်ခမ်း

ဘောလုံးအေးဂျင့်လောကထဲ ဝင်လာဖို့ရှိနေတဲ့ ဒေးဗစ်ဘက်ခမ်း
Photos: EPA

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ကမ္ဘာ့ဘောလုံးအေးဂျင်း့လောကထဲကို ဝင်ရောက်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက် (၄၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘက်ခမ်းဟာ အမေရိကန် မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်း ပိုင်ရှင်ဖြစ်ပြီး ဆဲလ်ဖို့ဒ်အသင်းကိုလည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူ့ရဲ့ ကုမ္ပဏီ Footwork Management Limited မှာ ဒါရိုက်တာတွေအဖြစ် ဘက်ခမ်း၊ သူ့ရဲ့ မိတ်ဆွေ ဒေ့ဗ်ဂါဒ်နာနဲ့ ပီအာအကြီးအကဲဟောင်း နီကိုလာ ဟောင်ဆင်တို့ ပါဝင်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဘက်ခမ်းဟာ လက်ရှိမှာ အေးဂျင့်လိုင်စင် မရှိပေမယ့် ဒေ့ဗ်ဂါဒ်နာဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ရဲ့ အေးဂျင့်အမည်စာရင်းမှာ ပါဝင်ပါတယ်။ 

အင်္ဂလန်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်က ဆာနေးကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ကြယ်ပွင့်ဟောင်း ဘက်ခမ်းရဲ့ ပါဝင်ပတ်သက်မှုဟာ အေးဂျင့်လောကမှာ ကျယ်ကျယ်ပြန့် သိရှိလာကြပြီး Footwork ကုမ္ပဏီအနေနဲ့ ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ သူတို့ဟာ နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူးဟောင်းလည်းဖြစ် အေးဂျင့်လောကမှာ လေးစားခံရသူလည်းဖြစ်တဲ့ ဒေးဗစ်ဂျွန်ဆင်ကိုလည်း ရွေးချယ်ထားပါတယ်။

ဒေးဗစ်ဂျွန်ဆင်ရဲ့သားဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်း လူငယ်ကစားသမား ဘရမ်နန် ဂျွန်ဆင်ဟာလည်း ပြီးခဲ့တဲ့အပတ်က အသင်းနဲ့ စာချုပ်သက်တမ်းမတိုးခင် တစ်ရက်အလိုမှာ ဘက်ခမ်းနဲ့တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ဘက်ခမ်းရဲ့ အေးဂျစ်စီဟာ သူတို့ရဲ့ ပထမဆုံး ပစ်မှတ်ကစားသမားအဖြစ် ယူနိုက်တက်ရဲ့ လူငယ်ကစားသမား မေဆင် ဂရင်းဝုဒ်ကို သတ်မှတ်လာဖွယ်ရှိပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required