ဗစ်တိုးရီးယား အဖေ အပါအဝင် နောက်ထပ် ခြောက်ဦး အမှုဖွင့်ခံရ

ဗစ်တိုးရီးယား အဖေ အပါအဝင် နောက်ထပ် ခြောက်ဦး အမှုဖွင့်ခံရ
Wisdom Hill ကိုယ်ပိုင်ကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်

နေပြည်တော်(စက်တင်ဘာ ၂ရရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်က နာမည်ကျော် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ ဖခင် အပါအဝင် အမှုနဲ့ ဆက်စပ်သူ နောက်ထပ် ခြောက်ဦးကို Wisdom Hill ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂)နဲ့ ပတ္တာရဲစခန်းမှာ စက်တင်ဘာ ၂၆ရက် မနေ့က အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

အမှုဖွင့်ခံထားရသူ ခြောက်ဦးကတော့ သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်တို့အပြင်  ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဗစ်တိုးရီးယားရဲ့ ဦးလေး၊ ဗစ်တိုးရီးယားရဲ့ အဒေါ်နဲ့ ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ ပါဝင်ပါတယ်။

ဒေါ်ဥမ္မာလှိုင်အနေနဲ့ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ၎င်းရဲ့ သားနှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိုခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက် ရစေခြင်းများ ဖြစ်ပေါ်စေတယ်ဆိုပြီး အထက်ပါ ခြောက်ဦးကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ “ကိုကို၊ ညီညီ” ဟူသော ဓာတ်ပုံအပေါ် စွပ်စွဲပြောဆိုမှုများအား အခြေခံ၍ ယင်းဓာတ်ပုံကို ဗစ်တိုးရီးယား(အမည်ရင်းမဟုတ်)ကို ပြသကာ ဗီဒီယိုရိုက်ကူးပြီး တရားရုံးကို တင်သွင်းခဲ့မှုအတွက် ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေးနှင့် အဒေါ်တို့အား လည်းကောင်း၊ တရားရုံးကို တင်သွင်းတဲ့ အဲ့ဒီ ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး မီဒီယာများအား တရားခွင်အပြီး ဖြေကြားခဲ့တဲ့ တရားလွှတ်တော်ရှေ့နေတွေဖြစ်တဲ့ ဦးခင်မောင်ဇော်နှင့် ဒေါ်ရွက်နုအောင်တို့အားလည်းကောင်း၊ အဲ့ဒီ ဗီဒီယိုဖိုင် အကြောင်းကို လူမှုကွန်ယက်မှာ ရေးသားခဲ့တဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းအားလည်းကောင်း အရေးယူပေးဖို့ဆိုပြီး ဒေါ်ဥမ္မာလှိုင်က တရားလိုပြု တိုင်တန်းခဲ့တာပါ။

ဒါ့အပြင် အောင်ကြီးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကိုလည်း ဩဂုတ်လ ၃၁ရက်နေ့က အလားတူ ဒေါ်ဥမ္မာလှိုင်ကိုယ်တိုင် အမှုဖွင့်ခဲ့ပါသေးတယ်။ ဒါကြောင့် ဗစ်တိုးရီးယားအမှုနဲ့ ဆက်စပ်ပြီး အမှုဖွင့်ခံရသူ စုစုပေါင်း ခုနှစ်ဦးအထိ ရှိလာပါတယ်။

ပုဗ္ဗသီရိမြို့နယ်တရားရုံးက ဒေါ်စုဒါလီအောင်ကို စက်တင်ဘာ ၂၅ရက်နေ့က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲတင်ခဲ့ပြီး ကျပ််သိန်း ၁ဝဝနဲ့ အာမခံပေးထားပါတယ်။

“သားတွေအတွက် အမှန်တရားကို တစ်ကန့်ချင်းစီ ချပြသွားမယ်” လို့ ဒေါ်ဥမ္မာလှိုင်က စက်တင်ဘာ ၂၅ရက်နေ့မှာ သတင်းထောက်တွေကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက နေပြည်တော်က အသက်သုံးနှစ်မပြည့်သေးတဲ့ Wisdom Hill မူကြိုကျောင်းသူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် ကာယကံရှင်ရဲ့ မိခင်ဖြစ်သူကိုယ်တိုင် အမှုဖွင့်ထားတာဖြစ်ပြီး လက်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ အမှုကို လက်ခံစစ်ဆေးနေပါတယ်။

လက်ရှိမှာတော့ ဒေါ်ဥမ္မာလှိုင်ရဲ့ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်တဲ့ အသက်(၂၉)နှစ်အရွယ် အောင်ကြီးဆိုသူကို သံသယတရားခံအဖြစ် ဖမ်းဆီးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required