ဝန်ကြီးဌာန၏ အနာဂတ်ရည်မှန်းချက်ကို မဖြေကြားခဲ့သည့်အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ဝန်ကြီးဌာန၏ အနာဂတ်ရည်မှန်းချက်ကို မဖြေကြားခဲ့သည့်အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး။ ဓာတ်ပုံ-နွန်နွန်

မော်လမြိုင်၊ စက်တင်ဘာ ၂၆ ။           ။ ဝန်ကြီးဌာန၏အနာဂတ်ရည်မှန်းချက်နှင့် ဌာနလုပ်ဆောင်ချက်များ မေးမြန်းခဲ့ရာတွင် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ ၁၀၄ အရ ဝန်ကြီးက မဖြေကြားနိုင်ကြောင်း ပြောဆိုခဲ့သည့်အပေါ် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဝေဖန်ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ဒေသမှာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု လုပ်တယ်ဆိုပါတော့ ။ကုမ္ပဏီက အခြား ဒေသဘက်က လုပ်သားတွေ ခေါ်လာတယ် ။ ဒါက ဆောက်လုပ်ရေးတစ်ခုအတွက် အကျဉ်းလေးပြောတာပါ။ ကျွန်တော်တို့ဘက်မှာ ကျွမ်းကျင်လုပ်သားမရှိလို့လား။  နိုင်ငံတစ်နိုင်ငံထူထောင်ဖို့နေရာမှာ လူသားအရင်းမြစ်ဖွံ့ဖြိုးဖို့ဟာ အရေးကြီးတယ် ။ အရင်က မွန်ပြည်နယ်မှာ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမရှိဘူး ။ ခုရှိလာပြီ။ ရှိလာတဲ့အတွက် ဒီဝန်ကြီးဌာနက ဒေသလူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးလာအောင် ဘာလုပ်မလဲ သိချင်လို့ မေးခွန်းမေးတာ ။ ကျွန်တော်မေးခွန်း ၃ ခုမေးတယ် ။ ဌာနရည်မှန်းချက်က ဘာလဲ၊ ဘာတွေလုပ်နေလဲ၊ အနာဂတ်မှာ ဘာတွေလုပ်ဆောင်မလဲ ပုဒ်မ ၁၄၀ နဲ့ငြိတယ်ဆိုပြီး ဝန်ကြီးက မဖြေဘူးလို့ဖြေတယ် ။ အစိုးရဟာ ဝန်ကြီးဌာနတစ်ခု ဖွဲ့မယ်ဆိုရင် ရည်မှန်းချက်၊ ရည်ရွယ်ချက် ရှိပါတယ် ။ အဲဒါတွေ မရှိဘဲနဲ့တော့ မဖွင့်ပါဘူး ။ ဒါကိုမေးတာကို ဝန်ကြီးက သူ့ဆီစာမရောက်လို့ မဖြေဘူးဆိုတာကတော့ လက်ခံလို့မရပါဘူး ''ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက်မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ လုပ်ငန်းများကို သိရှိလိုသောမေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က " ဌာနရဲ့ရည်မှန်းချက် ဘယ်လောက်ထားလဲဆိုတော့ ရည်မှန်းချက်ဆိုတဲ့ စကားလုံးက (Future) အနာဂတ်မှာ ဖြစ်ချင်တဲ့ဟာကို ဆိုလိုခြင်းသာဖြစ်တယ်၊ အနာဂတ်မှာ ဘာတွေလုပ်ဆောင်သွားမလည်းဆိုတာ၊ ဒါလည်း(Future)ကို မေးမြန်းခြင်းပဲဆိုတော့၊ ဒီမေးခွန်းနှစ်ခုမှာဆိုလို့ရှိရင် မွန်ပြည်နယ်လွှတ် တော်ဆိုင်ရာနည်းဥပဒေ ၁၀၄ အရ မဖြစ်ပေါ်သေးသောကိစ္စနဲ့ပတ်သက်ပြီး မည်ကဲ့သို့ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြမေးမြန်းခြင်းမပြုရဟု ဖော်ပြထားတဲ့အတွက် ဒီမေးခွန်းက မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေနဲ့ငြိစွန်းတဲ့အတွက် ကျွန်တော့်အနေနဲ့ မဖြေကြားတော့ပါကြောင်း ရှင်းလင်းအပ်ပါသည်” ဟု ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးဌာနအသစ်ဖြစ်သည့်အတွက် အချို့တိုင်းနှင့်ပြည်နယ်များတွင် အစိုးရအဖွဲ့ မဖွဲ့ရသေးသဖြင့် ကျန်တိုင်းနှင့်ပြည်နယ်များတွင် အစိုးရအဖွဲ့  ဖွဲ့စည်းပြီးစီးသည့်အချိန်တွင် ပြည်ထောင်စုအစိုးရမှ ညှိနှိုင်းပြီးစီးပါက တိုင်းနှင့်ပြည်နယ်သို့ စာဖြင့် အကြောင်းကြားလာသည့်အခါတွင် ကိုယ်စားလှယ်မေးမြန်းထားသည့်အချက်နှစ်ချက်ကို လွှတ်တော်သို့ ပေးပို့သွားမည်ဟု ဝန်ကြီးက ပြောသည်။

မကြာသေးမီက ဖွဲ့စည်းခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအတွက် ဇူလိုင် ၁၅ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတအမိန့်ဖြင့် မွန်ပြည်နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဦးထွန်းမင်းအောင်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ 

မွန်ပြည်နယ်လွှတ်တော်

အဆိုပါဌာနအနေဖြင့် မော်လမြိုင်တွင် အင်္ဂလိပ်စကားပြောသင်တန်းတစ်ခု ဖွင့်ထားသည်ဟု ဝန်ကြီးဖြေဆိုခဲ့သည့်အပေါ်တွင် မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိသောကြောင့် အင်္ဂလိပ်စကားပြောသင်တန်း တစ်ခုတည်းဖြင့် ဒေသအတွက် မလုံလောက်ပါကြောင်းနှင့် အခြားသက်မွေးသင်တန်းတွေများလည်း လိုအပ်နေကြောင်း၊ ဒေသခံပြည်သူများအကြား သက်မွေး လုပ်ငန်းများကျွမ်းကျင်လာမှ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးဝင်ပြီး ဒေသကပိုက်ဆံဟာ ဒေသမှာ ပြန်လည် အသုံးပြုနိုင်ဖြစ်သည့် အတွက် သက်မွေးသင်တန်းနဲ့ဆိုင်သော သင်တန်းအားလုံးအား ၁၀ မြို့နယ်လုံးမှာ လုပ်ဆောင်သင့်ကြောင်း မွန်လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြပြောဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့် ငွေကြေးထောက်ပံ့မှုဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း လူ့စွမ်းအားဝန်ကြီးဌာနဘက်မှ သိရသည်။

ထို့ပြင် အခြေခံလုပ်သားများ လုပ်ငန်းပိုင်နိုင်ကျွမ်းမှုရှိလာအောင် စာတွေ့၊လက်တွေ့ သင်တန်းများ ပေးနိုင်ရန်အတွက် ဘဏ္ဍာငွေ ရရှိမှုအပါ်  မူတည်ကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးထွန်းမင်းအောင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required