ဖရဲသခွှားမွှေးကို အမျိုးသားပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်နေ

ဖရဲသခွှားမွှေးကို အမျိုးသားပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်နေ

စက်တင်ဘာ ၂၆ ။         ။ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ဖရဲသခွားမွှေးများကို အမျိုးသားပို့ကုန်အဖြစ် တင်ပို့နိုင်ရေး USAID ကျေးလက်ဖွံ့ဖြိုးရေးကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းမှ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး  မြန်မာနိုင်ငံ၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် USAID ကျေးလက်ဖွံ့ဖြိုးရေး ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းတို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MyanTrade နှင့် USAIDတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံမှ အဓိက ဝယ်ယူနေသော ဖရဲသခွားမွှေးကို အမျိုးသားပို့ကုန်အဆင့်တင်ပို့ရောင်းချရေး မဟာဗျူဟာတစ်ရပ်ကို စတင်ရေးဆွဲနေသည်။

အဆိုပါ မဟာဗျူဟာအတွက် ဂျပန်နိုင်ငံသားကျွမ်းကျင်ပညာရှင် အကူအညီဖြင့် ရေးဆွဲသွားမည် ဖြစ်ပြီး လက်ရှိတွင်လည်း ဖရဲသခွားသီးနှံအတွက် အမျိုးသားအဆင့် စံချိန်စံညွှန်း သတ်မှတ်ချက်များကိုလည်း အပြီးသတ် ရေးဆွဲနေသည်။

ဖရဲသခွှားမွှေးသည် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်ပြီး  စီးပွားကူးသန်း၏ စာရင်းအရ တင်ပို့မှုသည် ယခုနှစ်တွင် တန်ချိန် တစ်သန်းနီးပါး တင်ပို့နိုင်ခဲ့သည်။

လက်ရှိတွင် လာမည့် ငါးနှစ်စာ ရေးဆွဲထားသည့် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဖရဲသခွားမွှေးကို ဦးစားပေး ပို့ကုန်အသစ်အဖြစ် ထည့်သွင်းရေးဆွဲထားပြီး စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ၊ ဟင်းသီးဟင်းရွက်နင့် သစ်သီးဝလံ၊ လက်ဝတ်ရတနာ၊ လက်မှုအနုပညာနှင့် နည်းပညာထုတ်ကုန်များ ပါဝင်သည်။

USAID အထောက်အပံ့ပေးရေးအစီအစဉ်အရ မြန်မာ ဖရဲသခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းနိုင်အောင်ပံ့ပိုးပေးခဲ့ပြီး လက်ရှိတွင် အသင်းဝင် ၃၀၀၀ ကျော် ဖြင့် စိုက်ပျိုးရေးပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ခြင်း၊ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်စည် သယ်ယူပို့ဆောင်ရေး အာမခံထားရှိမှု၊ အသေးစားချေးငွေ ပေးခြင်းလုပ်ငန်းများဖြင့် လည်ပတ်လျှက်ရှိသည်။

အမေရိကန်အနေဖြင့် ပွင့်လင်းသောစီးပွားရေးဆီသို့ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကဏ္ဍတွင် ကန်ဒေါ်လာ ၂၇ သန်း ဘတ်ဂျက်ထား ရည်မှန်းထားပြီး ယင်းအစီအစဉ်တွင် ချင်း(ဂျင်း)၊ ပဲပုပ်၊ ဖရဲသခွား နှင့် နှမ်းသီးနှံ ကဏ္ဍများ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly