မြို့ကြီးများ လုံခြုံရေးကို တပ်မတော်အနေဖြင့် ဂရုစိုက်ဆောင်ရွက်နေဟု ဆို

မြို့ကြီးများ လုံခြုံရေးကို တပ်မတော်အနေဖြင့် ဂရုစိုက်ဆောင်ရွက်နေဟု ဆို
Photo: Hein Htet /EPA

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။        ။ နေပြည်တော်အပါအဝင် မြို့ကြီးအချို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်မည်ဟူ၍ ပေါ်ထွက်နေသည့် သတင်းများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်နေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ ပြောသည်။

အမေရိကန်သံရုံးမှ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း ထုတ်ပြန်ချက်အပြင် တိုင်းရင်းသား လက်နက်ကိုင်အချို့က ယင်းသို့ ပြုလုပ်ရန် တွေ့ဆုံခဲ့သည်ဟု နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးတံဆိပ်ဖြင့် ဖြန့် ဝေထားသည့် စာတစ်စောင် ထွက်ပေါ်နေသည့်နောက် မဇ္ဈိမမှ မေးမြန်းမှုကို တပ်မတော်ဘက်မှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တကယ်လားဆိုတာတော့ ထုတ်တဲ့ဌာနမေးကြည့်ရမယ်။ ကျွန်တော်တို့အနေနဲ့ပြောနိုင်တာတော့ တပ်မတော် အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ဆောင်ရွက်လျှက်ရှိပါတယ်။ လုံခြုံရေးဆိုတာတော့ ဘယ်အရာမှ ပိုတယ် မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်သင့်တဲ့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဂရုတစိုက် ဆောင်ရွက်လျက် ရှိတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

လူမှုကွန်ယက်မှတစ်ဆင့် ပျံ့နှံ့လာသောအဆိုပါစာထဲတွင် AA အဖွဲ့၊ KIA အဖွဲ့နှင့် အခြားစိစစ်ဆဲအဖွဲ့များ အပြင် NCA ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တို့ အပါအဝင် စုစုပေါင်း ၂၀ ဦးမှာ သြဂုတ်လ ၃၀ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ဖောက်ခွဲမှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဟု ရေးသားထားသည်။

အဆိုပါစာနှင့်ပတ်သက်၍ စစ်ဆေးအတည်ပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး အား မဇ္စျိမမှ ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

ထို့ကြောင့် ချင်းအမျိုးသားတပ်ဦး (CNF) ပါနေသည်ဆိုသည့်အပေါ် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ NCA စာချုပ်ကို လက်မှတ်ရေးထိုးတယ်။ ကျွန်တော်တို့ ပြဿနာ ရှိမယ်ဆိုရင် နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းဖို့ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် မမှန်ကန်တဲ့သတင်းဖြစ်တယ်ဆိုတာ ကျွန်တော် ပြောချင်တယ်” ဟု ဆိုသည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်ရက်ခန့်အကြာက အဆိုပါစာအကြောင်းအရာနှင့် ပတ်သက်၍ CNF ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အစိုးရ၏ NRPC တို့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရသေးကြောင်းလည်း  ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

ထို့ကြောင့် မဇ္စျိမမှ AA နှင့် KIA တို့ထံ မေးမြန်းရန်ကြိုးပမ်းသော်လည်း သတင်းရေးသားချိန် စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ဖုန်းအဆက်အသွယ် မရရှိသေးပေ။

ရဲသတင်းမှန်ပြန်ကြားရေးဘက်ကမူ ပုံမှန်အတိုင်းအစီအစဉ်အတိုင်း လုံခြုံရေး အားထည့်ဆောင်ရွက်နေသည်ဟု ဆိုသည်။

“ လုံခြုံရေးအခြေအနေ ရဲတပ်ဖွဲ့အနေနဲ့ကတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေ ရေးဆွဲထားတာ ရှိပါတယ်။ အဲဒီအစီအမံတွေ အတိုင်းပဲ စနစ်တကျဆောင်ရွက်နေတဲ့ အနေအထားပါခင်ဗျ။ အွန်လိုင်းပေါ်မှာပျံ့နေလို့ သတင်းတွေ တက်လာလို့ လုပ်ထားတာတော့မရှိပါဘူး။ ပုံမှန်အတိုင်းပဲ အစီအမံတွေအတိုင်းပဲ အားထည့်ပြီးတော့ ဆောင်ရွက်နေတဲ့အနေအထားပါ။ ထူးခြားမှု မရှိပါဘူး။ လောလောဆယ် သတင်းပေးပို့ချက်လည်း မရှိပါဘူး” ဟု ရဲသတင်းမှန်ပြန်ကြားရေး တာဝန်ခံ ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

အစိုးရ ရုံးစိုက်ရာ နေပြည်တော်အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် သတင်းများအရဟုဆိုကာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း လုံခြုံရေးဆိုင်ရာ သတင်းသတိပေးချက်တစ််ရပ်ကို စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly