လူငယ်များစာဖတ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လူငယ်များစာဖတ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်၊ စက်တင်ဘာ ၂၅ ။          ။ လူငယ်များအနေနဲ့ တစ်နေ့ကိုစာအနည်းငယ် ဖြစ်ဖြစ် ဖတ်ဖြစ်အောင် ဖတ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့အကြား လူထုအခြေပြု ဗဟိုဌာနများ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ယာဉ်နှင့်စက်ကိရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်စိတ်ထဲမှာ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

စာဖတ်ခြင်းအလေ့အထသည် အသက်အရွယ် နှင့်မဆိုင်ကြောင်းနှင့် ရုံးဝန်ထမ်းများကိုလည်း ရုံးအလုပ်နှင့် မသက်ဆိုင်သည့် စာများကို ဖတ်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
 
“စာဖတ်ခြင်းဟာ အင်မတန်မှအရေးကြီးတယ်ဆိုတာ ကျွန်မခဏခဏပြောပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စာဖတ်တဲ့အခါမှာ အခြားသူတွေရဲ့စိတ်ထဲကို အခြားသူတွေရဲ့ဦးနှောက်ထဲကို အခြားသူတွေရဲ့နှလုံးသားထဲကို ဝင်ကြည့်လို့ရတဲ့အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ် ကိုယ့်ခံစားချက်ကို အခြားသူတွေရဲ့ အတွေး အခေါ်ခံစားချက်တွေဟာမတူဘူးဆိုတာကို စာဖတ်လိုက်တဲ့အခါမှာ သဘောပေါက်ပါမယ်” ဟု ဆက်လက်ပြောသည်။
 
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ပြီးတည်ထောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏အဓိက လိုအပ် လျက်ရှိသည့် ပညာရေး ၊ ကျန်းမာရေး နှင့် လူမှုရေးအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန် အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့်ဒေသများကို ဦးစားပေးဆောင်ရွက်ရန် စတင်တည်ထောင်စဉ်က ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ  NGO များ၊ အကျိုးအမြတ်မယူသော အဖွဲ့ အစည်းများနှင့် စတင်တည်ထောင် ခဲ့သည်။
 
အဆိုပါ ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းကို ၂၀၁၃ခုနှစ်တွင် ကော့မှူးမြို့နယ်၌ စတင် တည်ထောင်ခဲ့ပြီး လက်ရှိ ၂၀၁၉ခုနှစ် စက်တင်ဘာလအထိ ပြည်နယ်နှင့်တိုင်း အားလုံးတွင် ရွေ့လျား စာကြည့်တိုက်လုပ်ငန်းများ ဖွင့်လှစ်ပြီးဖြစ်သည်။
 
ရွေ့လျားစာကြည့်တိုက် လုပ်ငန်းအတွက် ခြောက်နှစ်တာ ကာလအတွင်း ရွေ့လျားယာဉ် ၁၅စီးကျော်၊ စာအုပ်ပေါင်း တစ်သိန်းခြောက်ထောင်ကျော်၊  အသင်းဝင်ပေါင်း တစ်သိန်းကျော်ရှိပြီး အသင်းဝင် ၇၀ ရာခိုင်နှုန်းသည်  ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly