မြန်မာ- စင်ကာပူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုး

မြန်မာ- စင်ကာပူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုး
ဓာတ်ပုံ - စိုးချစ်ချစ်ပိုင်

ရန်ကုန်။ ။ စက်တင်ဘာ ၂၅ ။             ။မြန်မာ- စင်ကာပူ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးခြင်းကို ယခုလ ၂၄ ရက်က ရန်ကုန်မြို့Melia Hotel ၌ ပြုလုပ်သည့် ၇ ကြိမ်မြောက် မြန်မာ-စင်ကာပူ ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးတွင် ရေးထိုးခဲ့သည်။

အဆိုပါ စာချုပ်ချုပ်ဆိုခြင်းအားဖြင့် စင်ကာပူနိုင်ငံမှတစ်ဆင့်ဝင်ရောက်လာမည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ပိုမိုများလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောသည်။

“စင်ကာပူကနေ ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေပိုများလာဖို့ရှိတယ်။ စင်ကာပူက ဥပဒေရေးရာအကူ အညီပေးရေးဖောင်ဒေးရှင်း (Legal Foundation)အရမ်း ကောင်းတဲ့နိုင်ငံဖြစ်တယ်။ ဒီလို စာချုပ်ချုပ်ခြင်း အားဖြင့် စာချုပ်ပါအတိုင်းကာကွယ်မှုတွေပေးမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေက ပိုပြီးတော့ ယုံကြည်မှု ရှိလာမယ်။ ပိုဝင်လာနိုင်တယ်” ဟု ဆိုသည်။

အဆိုပါသဘောတူစာချုပ်သည် နှစ်နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမို အထောက်အကူ ပြုနိုင်ကာ ကြိုတင်ခန့်မှန်းနိုင်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည့်အပြင် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်မည်ဖြစ်သည်။

“နောက်ပိုင်းမှာ စင်ကာပူ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ နည်းပညာမြင့်လုပ်ငန်းတွေ ပါလာမယ်။ ပညာရေးကဏ္ဍ၊ စက်မှုကဏ္ဍတွေမှာ ဝင်လာနိုင်ပါတယ်” ဟု ဦးမင်းဇော်ဦးကဆက်ပြောသည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၌စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁၂ ခု၌ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်ဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ် လက်မှတ်ကို စင်ကာပူနိုင်ငံအပါအဝင် တရုတ် ၊ ဗီယက်နမ် ၊ကိုရီးယား ၊ ထိုင်း ၊ အမေရိကန် ၊ ဂျပန်စ သဖြင့်နိုင်ငံပေါင်း ၁၃ နိုင်ငံနှင့်ရေးထိုးထားပြီးဖြစ်သည်။ထပ်မံ၍ဟောင်ကောင်နိုင်ငံနှင့်လည်း လက်မှတ်ရေးထိုးနိုင်ရန် အစိုးရချင်းချင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly