‘ရေရှည်စီမံကိန်းကို အာရုံစိုက်ပြီး လုပ်ဆောင်သွားကြမှာပါ’’ - ဆိုးလ်ရှားအပေါ် စိတ်ရှည်ရှည်ထားဖို့ တောင်းဆိုလိုက်တဲ့ အက်ဒ်ဝုဒ်ဝက်ဒ်

‘ရေရှည်စီမံကိန်းကို အာရုံစိုက်ပြီး လုပ်ဆောင်သွားကြမှာပါ’’ - ဆိုးလ်ရှားအပေါ် စိတ်ရှည်ရှည်ထားဖို့ တောင်းဆိုလိုက်တဲ့ အက်ဒ်ဝုဒ်ဝက်ဒ်

အောင်မြင်မှုတွေ ဝေးကွားနေပေမယ့် ယူနိုက်တက်ရဲ့ တစ်နှစ်တာဝင်ငွေ စံချိန်သစ်တင်ခဲ့

နည်းပြဆိုးလ်ရှားဦးဆောင်နေတဲ့ လက်ရှိမန်ချက်စတာယူနိုက်တက်ဟာ အနာဂတ်အောင်မြင်မှုတွေအတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး လတ်တလော အခြေအနေရှုပ်ထွေးမှုတွေကြောင့် ထိခိုက်ခံမှာမဟုတ်ဘူးလို့ အသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် (၆)ပွဲကစားပြီးနောက် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်အသင်းနဲ့ (၁၀)မှတ်အကွာမှာ ရပ်တည်နေပါတယ်။

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းကို (၂-၀)ဂိုးနဲ့ ရှုံးနိမ့်မှုက ဆိုးလ်ရှားအတွက် နောက်ဆုံး လိဂ်ပွဲ (၁၁)ပွဲမှာ (၂)ပွဲသာ အနိုင်ရစေသာဖြစ်ပေမယ့် ဝုဒ်ဝက်ဒ်က ကလပ်အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

သူက "ကျနော်တို့နဲ့ ကျနော်တို့ရဲ့ ကမ္ဘာ့အနှံ့တိုးတက်များပြားလာတဲ့ ပရိသတ်တွေက ယူနိုက်တက် အောင်မြင်တာကို မြင်တွေ့လိုချင်ကြတယ်။

"အောင်မြင်မှုဆိုတာ ဆုဖလားတွေ ဆွတ်ခူးဖို့ ဆိုလိုတာပါ။ အဲဒီလို ပစ်မှတ်နဲ့ စံနှုန်းတစ်ခုက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဘယ်တော့မှ မပြောင်းမလဲဘဲ ရှိနေမှာပါ။ စီးပွားရေးဘက်ကနေ ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေက ဘောလုံးဘက်မှာ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုကို အထောက်အပံ့ပေးပါတယ်။

"မတ်လတုန်းက အိုလီနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ပြုလုပ်ထားခဲ့ကြတဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေက အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တွေပါပဲ။

"လက်ရှိဒီရင်းနှီးမြှုပ်နှံမှုတွေက ရလဒ်တွေကို ထွက်ပေါ်လာစေနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ကြပါတယ်။ ဒါ့ကြောင့်လည်း အိုလီနဲ့ သူ့ရဲ့အသင်းက အနာဂတ်အတွက် တည်ဆောက်နေကြတဲ့အချိန် ကျနော်တို့ စိတ်ရှည်ရှည်ထားဖို့ဆိုတာ အရေးကြီးတဲ့အချက်ပါ။ ကျနော်တို့ကတော့ လတ်တလော အခြေအနေရှုပ်ထွေးမှုတွေကြောင့် ထိခိုက်ခံမှာမဟုတ်ဘဲ ရေရှည်စီမံကိန်းအပေါ် အာရုံစိုက်ပြီး ဆက်လက်လုပ်ဆောင်သွားကြပါလိမ့်မယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အနားယူပြီးနောက်ပိုင်း ကွင်းအတွင်း အောင်မြင်မှု ကျဆင်းနေပေမယ့်လည်း ၂၀၁၉ အတွက် ဘဏ္ဍရေးစစ်တမ်းအရ အသင်းရဲ့ သမိုင်းတစ်လျှောက် စံချိန်တင်အဖြစ် ဝင်ငွေစုစုပေါင်း ပေါင် (၆၂၇.၁)သန်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ရောက်ခဲ့ခြင်းနဲ့ ရုပ်သံဝင်ငွေတိုးပွားလာခြင်းတို့က ယူနိုက်တက်ကို များစွာကူညီပေးခဲ့ပြီး အသုံးစရိတ်အားလုံး နှုတ်ပြီးနောက် အသားတင်အမြတ်မှာ ပေါင်သန်း (၅၀) ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဝုဒ်ဝက်ဒ်က ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ခြင်းဟာ လာမယ့်နှစ်မှာ ဝင်ငွေ ပေါင်သန်း (၅၆၀)နဲ့ (၅၈၀)ကြားအထိ ကျဆင်းသွားလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

Ref; Evening Standard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly