ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်သေးသည်ဟု ဖာဘရီဂက်စ်ယုံကြည်

ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်သေးသည်ဟု ဖာဘရီဂက်စ်ယုံကြည်

လန်ဒန်၊ အောက်တိုဘာ ၁၅ ။            ။ ချယ်လ်ဆီးအသင်း၏ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်က ၎င်းတို့အသင်းအနေဖြင့် ရာသီအစတွင် ရလဒ်များဆိုးရွားခဲ့သော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိနိုင်သေးသည်ဟု ယုံကြည်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် ရှစ်ပွဲကစားပြီးချိန်တွင် ရမှတ် ရှစ်မှတ်သာ ရရှိထားပြီး အဆင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ၁၀ မှတ်ကွာဟလျက်ရှိသည်။

ဖာဘရီဂက်စ်မှာ လာမည့်ဗီလာနှင့်ပွဲစဉ်မှ စတင်ပြီး ရလဒ်နှင့် ခြေစွမ်းဆိုးရွားမှုကို ပြင်ဆင်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။

'ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်သေးတယ်လို့ အခုအချိန်အထိ ကျွန်တော်ယုံကြည်နေပါသေးတယ်။ ဒါက ခက်ခဲမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ၁၀ မှတ်ဆိုတဲ့ ကွာဟမှုက ဒီရာသီ အနေအထားနဲ့ ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်းက ပထမဆုံးရှစ်ပွဲမှာ ကျွန်တော်တို့ ၂၂ မှတ်အထိရခဲ့ပါတယ်။

ဒီရာသီမှာတော့ အသင်းတိုင်း အနည်းဆုံး တစ်ပွဲတော့ ရှုံးထားကြပါတယ်။ မန်စီးတီးက ဝက်စ်ဟမ်းနဲ့ စပါးကို ရှုံးမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့သလို မန်ယူနဲ့ အာဆင်နယ်တို့လည်း အမှတ်တွေဆုံးရှုံးထားကြပါတယ်။

ရာသီပြီးဆုံးဖို့က ၈၀ ရာခိုင်နှုန်းလောက်ကျန်ပါသေးတယ်။ ဒီအချိန်က ကျွန်တော်တို့ရဲ့ အခြေအနေကို ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့အချိန်ပါ။ ဒီတစ်ပတ်ကစပြီး ရလဒ်ကောင်းတွေပြန်ရအောင် လုပ်ဖို့ လိုအပ်ပါတယ်' ဟု ဖာဘရီဂက်စ်က ပြောသည်။

Ref ; အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly